=====
ရခိုင်စစ်ဘေး ဒုက္ခသည်တွေ ဆီကိုလာနေတဲ့ အကူအညီ အထောက်အပံ့တွေ မရောက်နိုင်အောင် စနစ်တကျ ကန့်သတ်နေတာ လပေါင်းအတန်ငယ် ရှိပါပြီ။
ပဋိပက္ခအတွင်း ဒုက္ခရောက်နေသူ အရပ်သား လူဦးရေကို တစ်စတစ်စချင်း ငတ်ပြတ်သွားအောင် လုပ်ဆောင်ရာမှာ နည်းလမ်းမျိုးစုံကို စနစ်တကျ သုံးကြတာကိုတွေ့ရပါတယ်။
တစ်။ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေအဖို့ ထောက်ပံ့ကူညီရေးလုပ်ချင်ရင် ခက်ခဲကြန့်ကြာတဲ့ ရုံးလုပ်ထုံးလုပ်နည်းတွေ အဆင့်ပေါင်းများစွာ မလိုအပ်ပဲ ထားရှိလုပ်ဆောင်စေတာ။ အဲသည်အဖွဲ့အစည်းတွေအဖို့ အလုပ်အားထုတ်မှုရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ခွင့်ပြုချက်ရဖို့ ကြိုးစားတဲ့နေရာမှာ သုံးစွဲရပြီး ကျန်အားထုတ်မှု ဆယ်ရာခိုင်နှုန်းကို အမှန်တကယ် အကူအညီပေးတဲ့နေရာမှာ သုံးစွဲရတဲ့ အခြေအနေမျိုး ဖြစ်နေအောင် ညဉ်းဆဲထားတာ။
နှစ်။ ဒုက္ခသည် လူဦးရေစာရင်း အကြီးအကျယ်ကွာဟနေတာ (တစ်နည်း) ကွာဟနေစေတာ။ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းက ငါးသောင်းလောက်ဖြစ်နေချိန်မှာ အစိုးရဘက်က စာရင်းက နှစ်သောင်းခွဲလောက်ပဲ ဖြစ်နေတာ။
သုံး။ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက စစ်ဘေးဒုက္ခသည် ထောက်ပံ့ရေးအတွက် အများပြည်သူထံက အလှူကောက်ခံတာကို တားမြစ်တာ။ (ဒီလိုမျိုး တားမြစ်တာမျိုးမရှိပါဘူးလို့ နေပြည်တော်က လွှတ်တော်မေးခွန်းကို ဖြေဆိုရာမှာ ဗြောင်ငြင်းခဲ့ပေမယ့် ရဲတွေက တားမြစ်နေတဲ့ ဓာတ်ပုံတွေရှိနေတယ်။)
လေး။ အပြစ်မဲ့ အရပ်သား စစ်ဘေး ဒုကွသည်တွေကို ရိက္ခာပြတ်လပ်အောင် တမင်တကာ လုပ်ဆောင်ကြတာတွေ ရှိခဲ့တယ် ဆိုပြီးပေါ်ပေါက်လာတယ် ဆိုခဲ့ရင်၊ နိုင်ငံတကာ ရာဇဝတ်မှု လုပ်ထုံးလုပ်နည်းတွေနဲ့ စွဲဆိုအပြစ်ပေးတာကို ခံရနိုင်မယ့် ရာဇဝတ်သားစာရင်းမှာ မိမိတို့ပါလာနိုင်ခြေရှိမရှိကို သက်ဆိုင်ရာ အရပ်ဘက် စစ်ဘက်အရာရှိတွေ နဖူးပေါ် လက်တင်ပြီး စဉ်းစားကြဖို့ အချိန်ရောက်နေပါပြီ။
ကျော်ဇောဦး
၂၀၁၉ သြဂုတ်လ (၂၁) ရက်
===========
အောက်မှာ RFA သတင်းနဲ့ ဗီဒီယိုကလစ်ကို ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။
. . . . .
ရခိုင်စစ်ဘေးရှောင်စခန်းတချို့ကို ICRC က ဆန်ထောက်ပံ့မှု ယာယီရပ်
~~
■ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေမှီခိုနေတဲ့ တိမ်ညို၊ ပီပင်ရင်း၊ တင်းထိန်ကန်၊ ရွာသစ်ကေ စတဲ့ စခန်းတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က အခုလအတွက် ဆန်ရိက္ခာတွေထောက်ပံ့တာကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။