၃၁-နှစ်သား လူမျိုးကြီးဝါဒီ NLD အပေါ်​ ​ပေးတဲ့ မှတ်ချက်

Written by – ကျော်ဇောဦး

ဒီကနေ့ စက်တင်ဘာလ(၂၇) ရက်နေ့ မှာ NLD ပါတီဟာ သက်တမ်း (၃၁) နှစ်ပြည့်ပါတယ်။ အဲသည်​ (၃၁) နှစ် သက်တမ်း အထူးသဖြင့် ဒီရက်ပိုင်းတွေ နဲ့ ဒီကနေ့မှာ NLD ခေါင်းဆောင်တွေ ပြောကြဆိုကြ ရပ်တည်လုပ်ဆောင်ကြတဲ့ စကားတွေ လုပ်ရပ်တွေအပေါ်မှာ အကဲဖြတ်လျက်​ NLD အပေါ် မှတ်ချက် အနည်းငယ် ရေးသားမှာ ဖြစ်​ပါတယ်​။

“တိုင်းရင်းသားအရေး ဆိုတာ ရွေးကောက်ပွဲ ကြွေးကြော်သံ”

အကြမ်းဖျင်းပြောရမယ်ဆိုရင် NLD ဟာ အဆံမပါတဲ့ ကြွေးကြော်သံတွေ၊ ကလေးမုန့်ပေးကြိုက် စကားလုံးတွေနဲ့ တိုင်းရင်းသားတွေကို ဆက်လက်လိမ်လည် လှည့်ဖျားဖို့ ကြိုးစားနေတုန်းပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဒီရက်ပိုင်းအတွင်း NLD ဒုဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင် ပြောစကားကို ကြည့်ရင် သိနိုင်ပါတယ်။ “တိုင်းရင်းသားနဲ့ ပတ်သက်လာရင် ကျွန်တော်တို့က အလွန်အလေးထားတာပါ” လို့ သူကပြောတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းခုနစ်ဆယ်အတွင်းမှာ ဗမာခေါင်းဆောင်တွေဆီက ကျွန်တော်တို့ ကြားနေကျ စကားဖြစ်ပါတယ်။ ဒီကလည်း ခံရဖန်များလို့ မယုံပါဘူး။

အဲဲသည် အချိုသပ်စကားတွေ ပြောကြားနေတဲ့ NLD အစိုးလက်ထက်မှာ ပြည်နယ်တွေကိုခွဲဝေပေးတဲ့ ဘက်ဂျက်ဟာ နဂိုတည်းက အလွန့်အလွန်နည်းတဲ့ ဦးသိန်းစိန်အစိုး လက်ထက် ဘက်ဂျက်ခွဲဝေမှုထက်တောင် နည်းသွားသေးတယ် ဆိုတာကို ကိန်းဂဏန်းတွေက ပြနေပါတယ်။ အကြမ်းဖျင်းပြောရင် NLD အစိုးရလက်ထက် ပြည်မနေ လူများစု လူမျိုးကြီးကချုပ်ကိုင်ထားတဲ့ ဗဟိုအစိုးရ နဲ့ ပြည်ထောင်စုလွတ်တော်က ချပေးတဲ့ ဘက်ဂျက်တွေအရ ခုနစ်ခုသော တိုင်းရင်းသားပြည်နယ်တွေ ဟာ ပျမ်းမျှအားဖြင့် တစ်ရာခိုင်နှုန်းစီ အကျိုးခံစားခွင့်ရကြပြီး ပြည်မနေတွေက (၉၃) ခိုင်နှုန်းကို ကိုင်တွယ် ရယူ သုံးစွဲပါတယ်။

ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေအပေါ် NLD က စေတနာလုံးဝမရှိဘူး ဆိုတာကို ပြနေတဲ့ အခြားလုပ်ရပ်နှစ်ခုက – တစ်။ ၂၀၁၅ -ခု ဒသခံတိုင်းရင်းသားတွေ အများစုနိုင်တဲ့ ရခိုင်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ်ခန့်မယ့်သူကို ပြည်နယ်သားတွေကို ရွေးချယ်ခွင့်မပေးဘဲ သူတို့စိတ်ကြိုက် ခန့်ထားခဲ့တာ၊ နှစ်။ – အခုလုပ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မ-၂၆၁ ကို ပြင်ဆင်ဖို့ NLD ကမတင်တာ၊ တိုင်းရင်းသားတန်းတူရေးဆိုင်ရာအခြားအခြားသော ဖွဲ့စည်းပုံ ပြင်ဆင်ချက် ဘာမှ ​​လောက်​​လောက်​လားလား ​မတင်ကြတာ – တို့ ဖြစ်ပါတယ်။ (ဖွဲ့စည်းပုံကို အခြေခံကျကျမပြင်ရင် ဒါမှမဟုတ် ဗဟိုအစိုးရရဲ့ ကောင်းချီးပေးမှုမရရင် လုပ်ပိုင်ခွင့်ဘာမှ ရေရေရာရာ မရှိတဲ့ ပွဲတက်ရာထူးကိုတောင် မသထာကြောင်း သိကြရပါတယ်။)

“ပြည်တွင်းစစ်ကို NLD သဘောမပေါက်”

နှစ်ပေါင်း ခုနစ်ဆယ် ပြည်တွင်းစစ် (သူတို့ အခေါ် ပြည်တွင်းသောင်းကျန်းမှု) မီးဟာ ယနေ့ထက်ထိ အရှိန်အဟုန်နဲ့ တောက်လောင်လျက် ရှိနေဆဲဖြစ်တယ်။
(က) သယံဇာတ ပိုင်ဆိုင်မှု စီမံခန့်ခွဲမှု အကျိုးခံစားမှုတို့ဆိုင်ရာ ရပိုင်ခွင့်တွေအပါအဝင် တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို စိုးစဉ်းငယ်မျှတောင် ခံစားခွင့်မရကြတဲ့အတွက် ပြည်တွင်းစစ်မီးတောက်လောင်နေတာ ဖြစ်တယ်။
(ခ) လက်ညှိုးထိုး အပြစ်တင်ရမယ့်သူတွေဟာ အခွင့်ထူးခံစားနေသူ ဖိနှိပ်သူ ဗိုလ်ချုပ်ကြီးများ သက်သက် သာလျှင် မဟုတ်၊ မမျှမတ ပြည်မ ၉၃ ကျပ် ရခိုင်တစ်ကျပ် ဘက်ဂျက်ကနေ စုပေါင်းအကျိုးခံစားခွင့်ရနေသူတွေဟာ စနစ်တစ်ရပ်တည်ဆောက်ပြီး အဲသည်စနစ်ထဲမှာ စုပေါင်းပါဝင် ဖိနှိပ်နေကြတဲ့အတွက် ပြည်တွင်းစစ်မီးတောက်လောင်နေကြတာဖြစ်ပါတယ်။ ပြည်မ ၉၃ ကျပ်ဘက်ဂျက်ကို ပါဝင်ရေးဆွဲပြီး ယန္တရားလည်ပတ်ရာမှာပါဝင်တဲ့ NLD အစိုးဟာ ဖိနှိပ်သူတွေထဲမှာ အပါအဝင်ဖြစ်တယ်။ အသင်တို့ဟာလည်းပဲ ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေရခြင်းရဲ့ လက်သည်တွေထဲမှာ အပါအဝင် ဖြစ်တယ်။
(ဂ) အပြောချိုချိုနဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ “ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ အချိန်တောင်လွန်နေပြီ” လို့ မကြားသေးခင်က မီဒီယာတွေကို ပြောခဲ့တာ ရှိတယ်။ လက်ညှိုးယားနေကြလို့ သွေးညှီနံ့ကြိုက်နေကြလို့ တိုက်ပွဲတွေရဲ့ အောင်သေအောင်သား စားရတာကို အရသာတွေ့နေကြလို့ ပြည်တွင်းစစ်ဖြစ်နေကြတာ၊ ငါတို့က ပြည်တွင်းစစ်ကို မကြိုက်ဘူး၊ ပြည်တွင်းစစ်ကို ရပ်ကြပါတော့ လို့ လူကြီးလူကောင်းလေသံနဲ့ ပြောတတ်တဲ့ ကြောင်သူတော်တွေဟာ ပြည်တွင်းစစ်ဖြစ်ခြင်းရဲ့ အရင်းအမြစ်ပြဿနာကို တစ်ခါမှ လက်ညှိုးထိုး မပြောဘဲ နှစ်ဘက် သေနတ်ပစ်တာကို ရပ်လိုက်တာနဲ့ ပြည်တွင်းစစ်ပြီးဆုံးသွားမယောင်ယောင် ပြောတတ်ကြတယ်။
(ဃ) ပြည်တွင်းစစ်ဖြစ်ပွားနေရခြင်းရဲ့ အရင်းခံပြဿနာဟာ (ပြည်မနေ မဟုတ်တဲ့) တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လုံးဝပိတ်ပင်ထားတဲ့ စနစ်တစ်ခုတည်ဆောက်ပြီး ဖိနှိပ်ချုပ်ချယ်နေလို့ ဖြစ်တယ်။ ပြည်တွင်းစစ်ရပ်စဲရေးကို အမှန်တကယ် လိုလားသူတို့ဟာ လက်ရှိဖွဲ့စည်းပုံကို အစအဆုံး မကြောက်မရွံ့ ရဲရဲရင့်ရင့် ပြင်ဆင်ရဲရမယ်။
(င) decentralization လုပ်​ပါတယ်​ ဆိုတဲ့သ​ဘော လုပ်​ပြ​​နေမယ်​ဆိုရင်​​တောင်​ ပြည်​နယ်​​တွေဘက်​မှာ အလကား​နေရင်​းတင်​းကြပ်​ထားတဲ့ ကုန်​သွယ်​​ရေးနဲ့ အုပ်​ချုပ်​​ရေးပိုင်​းဆိုင်​ရာ တိုလီမုတ်​စ​လေး​တွေ အများကြီးကို အ​လျှော့​ပေးပြ​နေလို့ရပါတယ်​။ ဖက်ဒရယ်အဆင့်ကို သွားမလိုလိုနဲ့ ဗဟိုချုပ်ကိုင်မှုလျှောချရေး (decentralization) လောက် နည်းနည်းပါးပါး အပြသဘောလောက်လုပ်ပြပြီး ချွေးသိပ်တဲ့အဆင့်လောက် ဟန်ဆောင်ပန်ဆောင်လေးတောင် တပ်မတော်ရော NLD ပါ မလုပ်နိုင်ကြဘူး။ နှစ်ဖွဲ့စလုံးမလုပ်နိုင်ကြရာချင်းအတူတူမှာ ပုဒ်မ-၂၆၁ ပြင်ဆင်ရေးကို မတင်တဲ့သူက ပိုဆိုးတယ်။ လူမျိုးကြီးဝါဒ ဒီဂရီ ပိုများတယ်။

“ကြီးမြတ်သော ခေါင်းဆောင်ကြီးနဲ့ တည်ဆောက်ထားတဲ့ပါတီ”

ဒီကနေ့ လုပ်တဲ့ NLD ရဲ့ (၃၁) နှစ်မြောက်အခမ်းအနားမှာ သဘာပတိအဖြစ်ဆောင်ရွက်တဲ့ ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းက “ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးသာလျှင် မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို မုချပြောင်းလဲနိုင်မယ့် ခေါင်းဆောင်ဖြစ်ပါတယ်” ဆိုပြီးတော့ မိန့်ခွန်းထဲမှာ ပြောခဲ့တာကို တွေ့ရတယ်။

အေအေကို နှိမ်နင်းရာမှာ လိုအပ်ရင် ရဟတ်ယာဉ် သုံးဖို့ ညွှန်ကြားခဲ့တယ်လို့ သိရသူ၊ လူမျိုးတုန်းသုတ်သင်ရေး စွဲချက်တွေနဲ့ ဘာလိုလိုညာလိုလို ကြားနေတဲ့ ခေါင်းဆောင်ကြီးသည်သာလျှင် ဒီအဖွဲ့အစည်းရဲ့ အုတ်မြစ် ဒီအဖွဲ့အစည်းရဲ့အောင်လံ စသည်အားဖြင့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းရဲ့ သမ္ဘာ သြဇာ အရှိန်အဝါနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းဟာ လောလောဆယ် ကျွန်တော့်မျက်စိနဲ့ မြင်မိသလောက်ကတော့ သူမရဲ့ ဘုန်းတော်ဘွဲ့ကို ချီးပသူများ သက်သက်နဲ့ ဖွဲ့စည်းလည်ပတ်နေတာကို မြင်မိတယ်။

လူမှုကွန်ရက်မှာ ၀ိုင်​းဝန်းချီးပကြသူများရဲ့ အပြောအဆိုတွေဆိုရင် ပိုတောင်ဆိုးပါတယ်။ ပါတီရဲ့ မူဝါဒဟာ ကြီးမြတ်သောခေါင်းဆောင်ကြီးဝါဒဖြစ်တယ် လို့မပြောရုံတမယ် အဓိပ္ပါယ်သက်ရောက်မှုတွေ မြင်နေကြားနေ ကြရတယ်။ ဒေါ်အောင်းဆန်းစုကြည်ကို ကျွန်တော် ယုံတယ် ဆိုတဲ့စကားကို NLD ပါတီဝင်တွေဆီက ကျွန်တော့်နားနဲ့ဆတ်ဆတ် ခဏခဏ ကြားဖူးတယ်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဘယ်လိုတည်ဆောက်ကြမလဲ လို့​မေးရင်​ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ယုံတယ် လို့ သာလျှင် ပြောပြန်တယ်။ လူတစ်ဦးဦးကို ယုံတယ်လို့ ပြောတာကလွဲလို့ နိုင်ငံရေးမူဝါဒ ချမပြနိုင်သူတွေရဲ့ လက်ထဲကို ကျွန်တော့် အနာဂတ်၊ ကျွန်တော့် လူမျိုး အနာဂတ်ကို ကျွန်တော်တို့ မအပ်နှင်းနိုင်ဘူး။

ဖက်ဒရယ်ဖြစ်လာမယ့် နိုင်ငံကို ထူထောင်သူတွေဖြစ်ခဲ့ကြတဲ့ ဂျော့ချ်ဝါရှင်တန်နဲ့ မိတ်ဆွေတွေဟာ ဒဏ္ဍာရီလာ ဘုရင်အာသာနဲ့ စားပွဲဝိုင်းတစ်ဝိုင်းတည်းထိုင်သူရဲကောင်းတွေလိုမျိုး အတူတူတိုက်ပွဲဝင် တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကြီးမြတ်သော ခေါင်းဆောင်တွေ (ဆိုပြီး စိတ်ဝင်နေကြသူတွေ) ရဲ့ စိတ်တိမ်းညွတ်မှု (inclination) ဟာ အင်ပါယာတည်ဆောက်ရေး တို့လိုမျိုး စည်းလုံးသော နိုင်ငံတော် တည်ဆောက်ရေး တို့လိုမျိုး ဖြစ်တတ်ကြပါတယ်။ ဖက်ဒရယ်နိုင်ငံတည်ထောင်ဖို့ကို စိတ်မတိမ်းညွတ်လောက်ဘူးလို့ ကျွန်တော့်သဘောကို ပြောလိုတယ်။

“သူတို့ ဘာဆက်လုပ်မလဲ”

ပြင်လို့မရတဲ့ ဖွဲ့စည်းပုံကို လက်ညှိုးထိုးပြမယ်။ တိုင်းရင်းသားလူနည်းစုတွေကို ဖိနှိပ်တဲ့ ယန္တရားထဲမှာ ပါဝင်လုပ်ကိုင်ဆောင်ရွက်မယ်။ တိုင်းရင်းသားတွေကို အချိုသပ်တဲ့ စကားတွေပြောမယ်။ မျိုးနွယ်တူချင်း ရင်ကြားစေ့မယ်။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၂၀၁၉ စက်တင်ဘာလ (၂၇) ရက်

Leave a comment