
================================
အဘိဓမ္မာ အခါတော်နေ့မှာ ရေးတဲ့ စာစု
စိတ်၊ ရုပ် အစရှိတဲ့ သဘောတွေ ဖြစ်ပျက်မှု၊ သံသရာမှာလည်စေတဲ့ အကြောင်းဖြစ်စေမှု စတဲ့ အကြောင်းအရာတွေကို အနုလုံပဋိလုံ ဆင်ခြင် သုံးသပ်ရာဖြစ်တဲ့ အဘိဓမ္မာကို ဗုဒ္ဓဟာ မိခင်တော်စပ်ဖူးသူအပါအဝင် နတ်အပေါင်းတို့ကို ဝါတွင်း သုံးလပတ်လုံး ဟောပြောပြီးနောက် သီတင်းကျွတ်လပြည့်နေ့မှာ လူ့ပြည်ကို ဆင်းသက်လာခဲ့ကြတယ်လို့ အစဉ်အလာ ယုံကြည်ကြပါတယ်။
အဘိဓမ္မာမူ နှစ်ရပ်မှာ လက်ရှိ ထေရဝါဒက လက်ခံကျင့်သုံးတဲ့ အဘိဓမ္မာမူကိုပဲ လေ့လာခြင်း တရားသဘောဆင်ခြင်ရာတွင် လက်တွေ့ အသုံးချခြင်းတို့ ပြုနေကြဆဲဖြစ်ပါတယ်။
ခေတ်သစ်ပညာရှင်အချို့ကတော့ အဘိဓမ္မာ ဟာ ဗုဒ္ဓဟောပြောခဲ့တာမဟုတ်ဘဲ မြတ်စွာဘုရားဟောကြားခဲ့သမျှတရားတော်တွေကို ရှင်သာရိပုတ္တရာ ဦးဆောင်ပြီး သံဃာတွေစုဖွဲ့ ဆွေးနွေးကြမှုတွေဟာ နှစ်ပေါင်းထောင်ချီကြာလာတဲ့ အခါ အဘိဓမ္မာရယ်လို့ ပုံပေါ်လာတာ ဖြစ်တယ်လို့ ဆိုကြတယ်။
ပျောက်ကွယ်လုဆဲဆဲ (သို့မဟုတ်) ကွယ်ပျောက်ပြီး အဘိဓမ္မာမူဖြစ်တဲ့ ကတ်ရှမီးယား အဘိဓမ္မာမူကတော့ အဘိဓမ္မာဟာ ဘုရားဟောမဟုတ်၊ ဘုရားဟောတရားတွေကို နှစ်ပေါင်းများစွာ ေဆွးနွေးသုံးသပ်ချက်ကတစ်ဆင့် အနှစ်ချုပ်ရယူထားတာလို့ ကြေငြာရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
ဒီလောကကြီးရဲ့ အစပထမ ဟာ ဘာလဲဆိုတာကို ဗုဒ္ဓက ဘာမှဘာမှမပြောခဲ့၊ မှတ်ချက်မပေးခဲ့။ ဗုဒ္ဓသည်သာလျှင် ဒီလောကကြီးရဲ့ အစစ်အမှန်သဘောသဘာဝကို နားလည်သဘောပေါက်တဲ့ တစ်ဦးတည်းသော ဆရာသမားဖြစ်တယ် လို့ ကျွန်တော်လေးစားတဲ့ တွေးခေါ်ရှင် ဘာထရန် ရပ်ဆယ်က ဆိုပါတယ်။
“The fundamental teachings of Gautama, as it is now being made plain to us by the study of original sources, is clear and simple and in the closest harmony with modern ideas. It is beyond all disputes the achievement of one of the most penetrating intelligences the world has ever known.”
“မူလရင်းမြစ်ကျမ်းစာ (original sources) တွေကို လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိရှိလာရတဲ့ ဗုဒ္ဓဂေါတမရဲ့ အခြေခံသင်ကြားချက်တွေဟာ ရှင်းလင်းတယ်၊ ရှုပ်ထွေးမှုမရှိဘူး၊ မျက်မှောက်ခေတ် တွေးခေါ်မြော်မြင်သိကြံမှုတွေနဲ့လည်း သဟဇာတအကျဆုံးဖြစ်တယ်။ (ဗုဒ္ဓရဲ့ သင်ကြားချက်တွေဟာ) ကမ္ဘာကြီးက သိရှိဖူးသမျှ အစူးရှအထက်မြက်ဆုံး အသိဉာဏ်တွေထဲက တစ်ခုရဲ့ အောင်မြင်ပေါက်မြောက်မှုဖြစ်တယ် ဆိုတာ အငြင်းပွားဖွယ်ရာ လုံးဝမရှိပါဘူး” လို့ ဘာထရန်ရပ်ဆယ်က ဆိုခဲ့တယ်။
ကျော်ဇောဦး
၂၀၁၉ အောက်တိုဘာလ (၁၃) ရက်