အိုးမည်းသုတ်ခံရမှုများအား တစ်ဆင့်ချင်း ဖြတ်ကျော်ခြင်း
‘အကြမ်းဖက် အဖွဲ့အစည်း’ ဆိုတဲ့ စကားလုံးကို ဝါဒဖြန့်ချိရေး အကျိုးအလို့ငှါ တွင်တွင်ကျယ်ကျယ် အသုံးပြုတတ်ကြတာကိုတွေ့ရတယ်။ ကွန်မြူနစ်လက်ေဟာင်းတွေက ‘အမျိုးသား သစ္စာဖောက်’ တို့၊ ‘နိုင်ငံရေး ပါရာဇိက’ တို့၊ ‘ရန်သူ့သူလျှို’ တို့ ဆိုတဲ့ စကားလုံးတွေကို ဖောဖောသီသီ သုံးပြီး နိုင်ငံရေးပြိုင်ဖက်တွေကို တွင်တွင်ကျယ်ကျယ် တိုက်ခိုက်တတ်ကြသလိုမျိုး သဘောဖြစ်ပါတယ်။
(က) အကြမ်းဖက်အဖွဲ့အစည်း
ဒါကြောင့်လည်းပဲ တစ်ဖက်ကိုတစ်ဖက် အကြမ်းဖက်အဖွဲ့အစည်းတွေဆိုပြီး စွပ်စွဲသတ်မှတ်ပြောနေကြတာတွေကို IHL (တစ်နည်း) International Humanitarian Law (တစ်နည်း) ဂျီနီဗာကွန်ဗန်းရှင်းတွေကို အခြခံမူတွေအဖြစ်ထား အလုပ်လုပ်ကြရတဲ့ ပုဂ္ဂိုလ်များအနေနဲ့ နားထဲက ခေါင်းထဲက ဖယ်ထုတ်ပြီး စဉ်းစားတွေးခေါ်လုပ်ဆောင်ကြရပါတယ်။
IHL မှာ အကြမ်းဖက် အဖွဲ့အစည်းဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး။ ဒါပေမဲ့ အကြမ်းဖက်လုပ်ရပ် တွေကိုတော့ အဓိပ္ပါယ် သတ်မှတ်ချက်ပေးထားပါတယ်။ အကြမ်းဖက်လုပ်ရပ်သတ်မှတ်ချက်ဘောင်ထဲမှာ ဝင်မဝင်ဆိုတာတစ်ပိုင်းဖြစ်သလို စစ်ရာဇဝတ်မှုမြောက်မမြောက် ဆိုတဲ့ အနေအထားကနေစဉ်းစားပြီး နောက်ဆက်တွဲ ပြစ်ဒဏ်သင့်မှုကို IHL က စဉ်းစားတာ ဖြစ်ပါတယ်။ (ဥပမာအားဖြင့် – အရပ်သားများကိုပါထိခိုက်စေတဲ့ ဗုံးခွဲတိုက်ခိုက်မှုတစ်ခုဟာ အခြာရှုထောင့်တွေအရ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်ဖြစ်ချင်ဖြစ်မယ်၊ သေချာတာကတော့ စစ်ဖက်ပစ်မှတ်မဟုတ်တဲ့လူသားတွေကို သက်ရှိသက်မဲ့ပစ္စည်းတွေကို တိုက်ခိုက်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တယ် ဆိုတဲ့ဘက်က စဉ်းစားတာကို ဆိုလို ပါတယ်။)
ဘာပဲဆိုဆို အကြမ်းဖက်အဖွဲ့အစည်း ဟုတ်/မဟုတ် သတ်မှတ်ချက် ရှိနေတာဟာ အရေးပါပါတယ်။ ဒါကြောင့် အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကျူးကျော်သူတွေက မကြာခဏ တံဆိပ်ကပ်နိုင်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြည်ထဲရေးဝန်ကြီးက ဦးဆောင်တဲ့ အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကနေပြီး အဖွဲ့အစည်းတစ်ခုခုဟာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တယ်လို့ သတ်မှတ်ကြေငြာမှသာလျှင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ရာ ရောက်ပါတယ်။ အဲသည်ဥပဒေရဲ့ ပုဒ်မ-၆ မှာ ဒီလိုဆိုပါတယ်။
“၆။ ဗဟိုအဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
. . . . . . . . . .
(င) ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့်ဖြစ်စေ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြေညာချက်အရဖြစ်စေ အဖွဲ့အစည်း၊ အသင်းအဖွဲ့ သို့မဟုတ် အုပ်စုတစ်ခုခုကို အကြမ်းဖက်အုပ်စု အဖြစ်လည်းကောင်း၊ သူတစ်ဦးဦးကို အကြမ်းဖက်သမားအဖြစ်လည်းကောင်း သတ်မှတ်ကြေညာ ခြင်း နှင့် ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းခြင်း၊” လို့ ဆိုပါတယ်။
ဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေအရဆိုရင် အဖွဲ့တစ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တဲ့ကိစ္စဟာ ဗဟိုအစိုးရ (ပြည်ထောင်စု အစိုးရ) ရဲ့ ညွှန်ကြားချက်အားဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က သတ်မှတ်ကြေငြာရတာ ဖြစ်ပါတယ်။ ဆိုလိုတာက မြန်မာအစိုးရအဖွဲ့က သတ်မှတ်ကြေငြာရတဲ့ကိစ္စ ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဒီလိုမျိုး သတ်မှတ်ကြေငြာထားတာဟာ ဒီနေ့ထက်ထိ ARSA တစ်ဖွဲ့ပဲ ရှိပါသေးတယ်။
၂၀၁၆-ခုနှစ် ဒီဇင်ဘာလက ရှမ်းပြည်နယ်လွှတ်တော်ကနေ အေအေ အပါအဝင်မြောက်ပိုင်းလေးဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်တယ် လို့ ဆုံးဖြတ်ကြတာဟာ အကျုံးမဝင်ပါဘူး။ တကယ်လို့များ မြန်မာ့တပ်မတော်က အေအေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြောတယ်ဆိုရင်လည်း ပြောတယ်လို့ပဲ မှတ်ထားရမှာပါပဲ။ တရားဝင် သတ်မှတ်ခြင်း (designation) အရာ မရောက်ပါဘူး။ အေအေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဒီနေ့ထက်ထိ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။
ဒါကြောင့်မို့လို့ အေအေနဲ့ ဆက်စပ်ပတ်သက်ပါတယ် ဆိုပြီးတော့ လူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စွဲဆိုတာ၊ အေအေခေါင်းဆောင်တွေကို စွဲဆိုတာ . . . စွဲဆိုဖို့ ဥပဒေအကြံပြုချက်ပေးတာ . . . သက်ဆိုင်ရာ တရားရုံးက ဒီလိုမျိုးစွဲဆိုတာကို လက်ခံတာတွေရဲ့ အသိပညာပိုင်း လိုအပ်ချက်ကို ပြန်လည်ဆန်းစစ်ကြဖို့ လိုအပ်ပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရတစ်ရပ်က တရားဝင်သတ်မှတ်ထားတယ် ဆိုရင်တောင်မှ နိုင်ငံရေးအိုးမဲသုတ်မှုတွေ နိုင်ငံရေးရှုပ်ထွေးမှုတွေ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့်မို့လို့ IHL ဟာ “အကြမ်းဖက် အဖွဲ့အစည်း” အား အဓိပ္ပါယ်ဖွင့်ဆိုခြင်းကို ရှောင်ရှားတယ်၊ “အကြမ်းဖက် လုပ်ရပ်” ကိုပဲ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
ဥပမာအားဖြင့် ယူကရိန်းခွဲထွက်ရေး နယ်မြေနှစ်ခုကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ယူကရိန်းအစိုးရက တရားဝင်သတ်မှတ်ကြေငြာထားတယ်။ ဒါပေမဲ့ အဲသည်နယ်မြေတွေကို လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် အသိအမှတ်ပြုမှုအချို့ရှိနေတာကို ဆင်ခြင်ကြည့်နိုင်ပါတယ်။
(ခ) တိုက်ပွဲလော စစ်ပွဲလော
‘အကြမ်းဖက် အဖွဲ့အစည်း’ ဆိုတဲ့စကားလုံးလိုပဲ ‘တိုက်ပွဲ’ ‘စစ်ပွဲ’ ဆိုတဲ့ စကားလုံးတွေမျာ အဓိပ္ပါယ်သက်ရောက်မှုတွေ အသိအမှတ်ပြုခံရမှုတွေရှိနေတဲ့အတွက် ‘စစ်’ လို့ မသုံးစွဲရဘူးလို့ ကန့်သတ်ဖို့ ကြိုးစားတာတွေ ဝိဝါဒကွဲပြားမှုတွေ ရှိနေတာကိုကြားရပြီးဖြစ်ပါတယ်။ တစ်သက်လုံး “စစ်ဘေးရှောင်” ဆိုတာကို သဘောရိုးနဲ့ သုံးလာခဲ့သမျှ ‘တိုက်ပွဲရှောင်’ လို့သာ ခေါ်ဝေါ်သုံးစွဲကြဖို့ ကန့်သတ်တာကိုခံကြရတယ်။ ဒီကိစ္စမှာလည်း နောက်ကွယ်က တွက်ချက်လုပ်ဆောင်မှုတွေ ရှိနေနိုင်ပါတယ်။
ဒီလို ဝိဝါဒကွဲပြားမှုတွေကြောင့်ပဲ IHL မှာ တိုက်ပွဲ၊ စစ်ပွဲ စသည်ဖြင့် grade ခွဲခြားပြောဆိုတာကိုမတွေ့ရဘူး။ အားလုံးကို ခြုံငုံပြီး “armed conflict” (လက်နက်ကိုင် ပဋိပက္ခ) လို့သာ ခေါ်ဝေါ် သုံးစွဲပါတယ်။ ဒါပေမဲ့ ဘယ်လိုမျိုး ပဋိပက္ခတစ်ရပ်ဟာ အဓိကရုန်း (riot) အဆင့် သာမန် ကြမ်းတမ်းတိုက်ခိုက်မှု (violence) အဆင့် တွေကို ကျော်လွန်ပြီး စနစ်တကျ armed conflict (လက်နက်ကိုင် ပဋိပက္ခ) အဆင့်ဖြစ်နေပြီလဲဆိုတာကို ချိန်ထိုးစစ်ဆေးဖို့ အညွှန်းလက္ခဏာတွေရှိပါတယ်။ သုံးတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေရဲ့ ပြင်ထန်မှု များပြားမှု လူအသေအပျောက်များမှု စသည်အားဖြင့် ဖြစ်ပါတယ်။
အဓိကရုန်းတွေ ရံဖန်ရံခါ မငြိမ်မသက် အကြမ်းဖက်လုပ်ဆောင်မှုတွေသာလျှင် ဖြစ်တယ် လို့ သတ်မှတ်ရင် လူ့အခွင့်အရေးဥပဒေတွေ ပြည်တွင်းသတ်မှတ်ထားတဲ့ တည်ဆဲဥပဒေတွေနဲ့ အကျုံးဝင်မှာ ဖြစ်ပြီး၊ လက်နက်ကိုင် ပဋိပက္ခ (arm conflict) အဆင့်ကိုရောက်လာတာနဲ့ ဒီအခြေအနေဟာ IHL (ခေါ်) ဂျီနီဗာကွန်ဗန်းရှင်းတွေနဲ့ အကျုံးဝင်တဲ့ အဆင့်ကို ရောက်နေပြီလို့ ကမ္ဘာကြီးက သတ်မှတ်စဉ်းစားတော့မှာ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ အဆင့်ကို ရောက်နေပြီဖြစ်ကြောင်း သိသာနိုင်တဲ့ လက္ခဏာတွေထဲက တစ်ရပ်က ဘာလဲဆိုတော့ ဗဟိုအဆင့် နိုင်ငံ့ အစိုးရရဲ့ တပ်တွေကို စစ်ဆင်ရေးအတွက် ရွေ့ပြောင်းချထားမှု (deployment) လုပ်တာမျိုးဟာ ထင်ရှားသိသာတဲ့ လက္ခဏာဖြစ်ပါတယ်။ ဥပမာအားဖြင့် – အေအေကို နှိမ်နင်းဖို့အတွက် ရခိုင်ပြည်ကို တပ်မဘယ်နှစ်မ လွှတ်လိုက်တယ် ဆိုတာမျိုးဖြစ်ပါတယ်။ သူ့ဖာသာသူ ပြည်တွင်းစစ်လို့ ခေါ်ချင်ခေါ် မခေါ်ချင်နေ လက်နက်ကိုင် ပဋိပက္ခ (armed conflict) အဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။
ရှည်ကြာနေသော လက်နက်ကိုင် အကြမ်းပတမ်း လှုပ်ရှားမှုများ (protracted armed violence) ရှိနေတယ် ဆိုတဲ့ လက္ခဏာပေါင်းစု့ဟာ ဒီလိုဟာမျိုးတွေ ဖြစ်ပါတယ် လို့ အောက်ပါအတိုင်း ယူဂိုဆလားဗီးယားဖြစ်ရပ်မှာ ထောက်ပြထား ရှိပါတယ်။
[T]he number, duration and intensity of individual confrontations; the type of weapons and other military equipment used; the number and calibre of munitions fired; the number of persons and type of forces partaking in the fighting; the number of casualties; the extent of material destruction; and the number of civilians fleeing combat zones. The involvement of the UN Security Council may also be a reflection of the intensity of a conflict ( Prosecutor v. Haradinaj et al, 2008, para. 49).
ရင်ဆိုင်တိုက်ပွဲတွေ ရှည်ကြာချိန်နဲ့ အရေအတွက်များလာတာ၊ စစ်လက်နက်အမျိုးအစား၊ ခဲယမ်းများအရေအတွက်နဲ့ ပြင်ထန်မှု၊ တိုက်ခိုက်မှုမှာ ပါဝင်နေသူတွေအရေအတွက်၊ ထိခိုက်ဒဏ်ရာရသူတွေ အရေအတွက်၊ ထွက်ပြေးရတဲ့ အရပ်သားအရေအတွက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဝင်ပါရတာ ဒါတွေကိုကြည့်ရင် ပဋိပက္ခဘယ်လောက်ကြီးကြီးမားမား ဖြစ်နေတယ် ဆိုတာကို ထင်ဟပ်နေစေတယ် လို့ ဆိုလိုရင်း ဖြစ်ပါတယ်။
(ဂ) လက်နက်ကိုင် ပဋိပက္ခ နှစ်မျိုး
လက်နက်ကိုင် ပဋိပက္ခ (armed conflict) တွေကို နှစ်မျိုးနှစ်စား ခွဲခြား သတ်မှတ်ပါတယ်။ နိုင်ငံတွေအကြား ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခ (International Armed Conflict) တစ်နည်း IAC တွေ နဲ့ နိုင်ငံတွေအကြားမှာ မဟုတ်တဲ့ ပဋိပက္ခ (Non-International Armed Conflict) တစ်နည်း NIAC တစ်နည်း ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပါတယ်။ နှစ်မျိုးနှစ်ထွေကွဲပြားတဲ့အလျှောက် စဉ်းစားကျင့်သုံးတဲ့ ဥပဒေတွေလည်း ကွဲပြားပါတယ်။
ဂျီနီဗာကွန်ဗန်းရှင်းတွေရဲ့ Common Article 3 ပုဒ်မ-၃ ဟာ စစ်ပွဲမှာ မပါဝင်နိုင်တော့တဲ့ နာဖျားမကျန်းဖြစ်သူတွေ၊ လက်နက်ချသူတွေ၊ သုံ့ပန်းတွေ အစရှိတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လိုမျိုး လူသားပီသစွာ ဆက်ဆံရမယ် လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်မှာ – နိုင်ငံတွေကို ကိုယ်စားပြုပြီး IAC တိုက်ခိုက်ကြတဲ့ စစ်သည်တွေသာမက NIAC (ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ) မှာ ပါဝင်တိုက်ခိုက်ကြတဲ့ နိုင်ငံကိုယ်စားပြုမဟုတ်တဲ့ non-State actor group တွေ (အေအေလို ကေအိုင်အေလို အဖွဲ့မျိုးတွေ) ရဲ့ တိုက်ခိုက်ရေးသမားတွေပါ အကျုံးဝင် အကျိုးခံစားခွင့် ရှိရမယ် လို့ သတ်မှတ်ထားပါတယ်။ ဒီလိုမျိုး အကျိုးထံစားခွင့်ရှိတာဟာ ဥပဒေကြောင်းအရ အဲသည်အဖွဲ့တွေရဲ့ အခြေအနေ အဆင့်အတန်း (ဥပမာ -မတရားအသင်း၊ အကြမ်းဖက် အဖွဲ့အစည်း) တရားဝင်ဖြစ်တည်မှု ဘာကိုမှ ထည့်မတွက်ပဲ အဲသည် အခွင့်အရေးတွေ တန်းတူရနေစေရမှာ ဖြစ်ပါတယ်။ This is regardless of their legal personality, status or legitimacy under international law. လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုမျိုးအကျိုးခံစားခွင့်ရှိတဲ့ အစိုးရမဟုတ် လက်နက်ကိုင်အဖွဲ့ non-State actor group ဖြစ်ဖို့ရာ ပြဌာန်းလိုအပ်ချက်တွေက ဒီလိုဆိုပါတယ်။ (Additional Protocol II ၏ article 1 မှ ရည်ညွှန်းဖော်ပြပါသည်။)
တစ်။ ရေရှည်ဖြစ်ပြီး စုပေါင်းညီညွတ်လုပ်ကိုင်တဲ့စစ်ဆင်ရေးဆောင်ရွက်ချက်တွေ ပြီးမြောက်ဆောင်ရွက်နိုင်ရန် (as to enable them to carry out sustained and concerted military operations) အလို့ငှါ –
နှစ်။ ဒီ ဂျီနီဗာကွန်ဗန်းရှင်း ပရိုတိုကော ကို လိုက်နာ အကောင်အည်ဖော် နိုင်တဲ့ အခြေအနေ ရှိစေရန် (and to implement this Protocol) အလို့ငှါ –
သုံး။ အဲသည်အဖွဲ့မှာ တာဝန်ယူတာဝန်ခံတဲ့ အမိန့်ပေးသူ အမိန့်ပေးစနစ် (under responsible command) နဲ့ အလုပ်လုပ် ဆောင်ရွက်နေတာ ဖြစ်ရတယ်။
လေး။ အဲသည်နိုင်ငံရဲ့ နယ်မြေ တစ်တစ်ပိုင်းကို ထိန်းချုပ် လှုပ်ရှားဆောင်ရွက်နေတာ ဖြစ်ရမယ်။ (exercise such control over a part of its territory)
(ဃ) “ကိုယ်ရရေ တေးခြင်း ကိုယ်ဆို” မဖြစ်စေရ
ပရမ်းပတာ အခြေအနေ အဖွဲ့အစည်းတစ်ရပ်မှာ ကသောင်းကနင်း လုပ်ကြကိုင်ကြပုံကို ရခိုင်မှာ ဆိုရိုးစကားတစ်ခုနဲ့ ခိုင်းနှိုင်းလေ့ရှိကြပါတယ်။ “ကိုယ်ရရေတေးခြင်းကို ကိုယ်ဆိုနီကတ်တေ” လို့ ဆိုပါတယ်။ ကိုယ်တတ်တဲ့ သီချင်းတစ်ပိုဒ်စီကို လူလေးငါးယောက် တစ်ပြိုင်တည်း စင်ပေါ်တက်ဆိုနေကြတဲ့ ကသောင်းကနင်းအခြေအနေမျိုးလို လို့ ဆိုလိုပါတယ်။
လက်နက်ကိုင်တိုက်ချုက်ရေးအဖွဲ့ကို မဆိုထားနှင့်ဦး၊ နိုင်ငံရေးပါတီတွေမှာတောင် စကတည်းက ‘ကိုယ်ရတေးခြင်း ကိုယ်ဆို’ လုပ်ကြမည်ဆိုလျှင် အချိန်ကုန်လူပန်း အချီးနှီးမျှသာ ဖြစ်ပါတယ်။ ပျက်စီးရာပျက်စီးကြောင်း ဖြစ်ပါတယ်။
အခုရှေ့ကတင်ပြခဲ့တဲ့ ဂျီနီဗာကွန်ဗန်းရှင်းမှာ စနစ်တကျကွပ်ကဲမှု ရှိခြင်းကို NIAC ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့အဖြစ်သတ်မှတ်ဖို့ လက္ခဏာတွေထဲကတစ်ခုလို့ သတ်မှတ်တာဟာ အကြောင်းမဲ့သက်သက်မဟုတ်။ အကွပ်မဲ့ကြမ်း ပရမ်းပတာ အကြမ်းဖက်အဖွဲ့တွေကို အစိုးရနဲ့ ရန်ဖြစ်နေတိုင်း NIAC (ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ) ထဲမှာ အပါအဝင်ဖြစ်တယ် လို့ သတ်မှတ်ပြီး ဂျီနီဗာစာချုပ် အကျိုးခံစားခွင့်တွေကို ပေးလို့မရလို့ပါပဲ။
အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေအတွက် အဓိပ္ပါယ်သတ်မှတ်ချက်ကို IHL က မဖွင့်ဆိုပေမယ့် အကြမ်းဖက်လုပ်ရပ်တွေဆိုတာ ဘာလဲ ဆိုတာကို သတ်မှတ်ဖွင့်ဆိုတားမြစ်ပါတယ်။
“[a]cts or threats of violence the primary purpose of which is to spread terror among the civilian population are prohibited” အရပ်ဖက်လူဦးရေထုကို ထိတ်လန့် တုန်လှုပ်ကြောက်ရွံ့သွားစေလိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ ကြမ်းတမ်းလုပ်ရပ်တွေ ဒါမှမဟုတ် ကြမ်းတမ်းလုပ်ရပ် လုပ်ဆောင်မယ် လို့ ခြိမ်းခြောက်မှုတွေကို တားမြစ်တယ် လို့ ဆိုထားပါတယ်။
ပြန်ပေးဆွဲမှုကို တားမြစ်သလိုပဲ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း IHL က တားမြစ်တဲ့အပြင် သက်ဆိုင်ရာနိုင်ငံတွေရဲ့ တည်ဆဲဥပဒေတွေနဲ့ အရေးယူတာတွေကို IHL က ကန့်ကွက်ခြင်းမရှိပါဘူး။
ဒါပေမဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေက ဘယ်လိုပဲ သတ်မှတ်စေကာမူ သက်ရှိသက်မဲ့ စစ်ဘက် ပစ်မှတ်တွေကိုတိုက်ခိုက်ဖျက်ဆီးတာကိုကျတော့ lawful ဖြစ်တဲ့ (ဆိုလိုတာက တိုက်ခိုက်မှု ဂျီနီဗာကွန်ဗန်းရှင်းက တားမြစ်ခြင်းမရှိတဲ့) စစ်ရေးတိုက်ခိုက်မှု လို့သတ်မှတ်ပါတယ်။ အကြမ်းဖက်လုပ်ရပ်လို့ မသတ်မှတ်ပါဘူး။
(င) အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု
သတိထားဖွယ်ရာ အချက်တစ်ရပ်က ဂျီနီဗာကွန်ဗန်းရှင်းတွေရဲ့ ထပ်တိုး ပရိုကော အပိုင်းတစ် AP-I ရဲ့ article 1(4) မှာ အမျိုးသားလွတ်မြောက်ရေးစစ်ပွဲတွေကို ပြည်တွင်း ပဋိပက္ခ (NICA) အနေနဲ့ မယူဆပဲ နိုင်ငံတွေချင်း ပဋိပက္ခ (NAC) ပမာ ထည့်သွင်း စဉ်းစားဖို့ သတ်မှတ်ထားတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။
“4. The situations referred to in the preceding paragraph include armed
conflicts in which peoples are fighting against colonial domination and
alien occupation and against racist régimes in the exercise of their right
of self-determination, as enshrined in the Charter of the United Na-
tions and the Declaration on Principles of International Law concern-
ing Friendly Relations and Co-operation among States in accordance
with the Charter of the United Nations.”
(စ) တိုက်ခိုက်မှုများ ပြီးဆုံးခြင်း
သမိုင်းအစဉ်အဆက်မှာတော့ နိုင်ငံချင်းတိုက်ခိုက်မှု (IAC)တွေဟာ စစ်ပြေငြိမ်းစာချုပ်ချုပ်ဆိုတာ၊ ဒါမှမဟုတ် တစ်ဘက်ဘက်က အကြွင်းမဲ့လက်နက်ချကြောင်းကြေငြာတာ၊ ဘက်ပြိုင်နေကြတဲ့ နယ်မြေထဲက တစ်ဘက်ဘက်က အပြီးသတ် ဆုတ်ခွာသွားတာ စသည်အားဖြင့် ပြီးဆုံးသွားကြလေ့ရှိတယ်။ ဒီကနေ့ခေတ်မှာတော့ IAC တွေကော NIAC (နိုင်ငံတွင်း ပဋိပက္ခ) တွေပါ တိုက်လိုက် ဆွေးနွေးလိုက် ကြားဝင်စေ့စပ်သူတွေက ဝင်ပါဖို့ကြိုးစားလိုက် ထပ်တိုက်လိုက် စသည်အားဖြင့် အဆုံးရလဒ်ဆီကို ရောက်ဖို့ရာ ကြာမြင့်တတ်ပါတယ်။
ရေရှည်ကြာမြင့်တတ်တဲ့ လက်နက်ကိုင် ပဋိပက္ခ ကာလအတွင်းမှာ အရေးကြီးတာကတော့ – ဒုက္ခသည်တွေကို အမှန်တကယ် အကူအညီပေးတဲ့ ဒီအရေးအတွက် စိတ်သန့်သန့်နဲ့ အာဏာပိုင်တွေနဲ့ ပြောရဲဆိုရဲရှိတဲ့ ရေရှည်တည်တံ့တဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
ကျော်ဇောဦး
၂၀၁၉ အောက်တိုဘာလ (၂၄) ရက်
==========
ကိုးကား
၁။ “Module 6: Military / Armed Conflict Approaches to Countering Terrorism”
၂။ “International Humanitarian Law”
၃။ “အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ”