ဒေါသမိုးမွှန် Irrational Actor များ နှင့် မြန်မာ့လူကယ်နည်း
၂၀၁၂ လောက်တုန်းက အီရန်ကို ညူကလီးယားလက်နက် လုံးဝပေးကိုင်လို့ မဖြစ်ဘူး ရေးကြသားကြပြောကြဆိုတာ တာကို ဖတ်မိခဲ့တာ ရှိပါတယ်။ Lee Harris တို့ ရေးတာတွေ အပါအဝင်ပေါ့။
အရှေ့အလယ်ပိုင်းက အစ္စရေး က ညူကလီးယားလက်နက်ကိုင်ထားတာကို တစ်ကမ္ဘာလုံးက သိသိကြီးနဲ့ ဘာမှမပြောကြဘဲနဲ့ အီရန်က ညူကလီးယားပိုင်ဆိုင်ဖို့ ကြိုးစားတာကိုကျတော့ တားဆီးပိတ်ပင်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ အစ္စရေးဟာ ကျိုးကြောင်းဆင်ခြင်တဲ့ အသိဉာဏ်နဲ့ ပြုမူလုပ်ဆောင်မယ့် rational actor ဖြစ်တယ်လို့ သတ်မှတ်ကြပြီး အီရန်ကျတော့ အမုန်းတရားအခြေခံစိတ်ကိုမွေးထားပြီး ဆင်ခြင်တုံတရားမရှိတဲ့ အပြုအမူများစွာကို လုပ်ဆောင်ခဲ့တဲ့ နောင်လည်းလုပ်ဆောင်ရန် အလားအလာရှိတဲ့ irrational actor ဖြစ်နေလို့ပါပဲ။ ဒါမှမဟုတ် အန္တရာယ်အလွန်ကြီးတဲ့ အလုပ်တွေကို ဆင်ခြင်တွက်ချက်လုပ်ဆောင် ဖွယ်ရာရှိတဲ့ dangerous actor ဖြစ်နေလို့ပါပဲ။
အလွယ် ပုံပမာခိုင်းရရင် အရူးလက်ထဲကို သေနတ် ပေးမထည့်တာနဲ့ တူပါတယ်။ ဒါကြောင့်မို့လို့ ထိုနည်းတူစွာပါပဲ တချို့လူတွေလက်ထဲကို ရဟတ်ယာဉ်တွေ စက်သေနတ်တွေထည့်ပေးဖို့ မသင့်လျော်တာကို တွေ့ရပါတယ်။
ရဟတ်ယာဉ်တွေ၊ စစ်သေနတ်တွေနဲ့တကွ စစ်ဆင်ရေးအမိန့်ပေးပိုင်ခွင့်ရှိသူတွေမှာ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိဉာဏ်ရှိနေကြဖို့ကောင်းပါတယ်။
စက်သေနတ်နဲ့ လှေထဲကိုပစ်ရင် ဖမ်းဆီးခံတွေရော ဖမ်းဆီးသူတွေပါ သေကုန်ကြလိမ့်မယ် ဆိုတဲ့ အသိဉာဏ်ရှိဖို့ကောင်းပါတယ်။ တော်ရုံတန်ရုံ ကလေးလေးတစ်ယောက်ဟာ ခြင်ကိုက်ခံနေရတဲ့ မိမိအင်္ဂါကို ခဲနဲ့ထုရလောက်အောင် အသိဉာဏ်မမဲ့နိုင်ပါဘူး။
တစ်ခုတော့ရှိတယ်၊ သတင်းစာရှင်းလင်းပွဲမှာ ငါတို့လိမ်ပြောချင်ရာကို ပြောလိုက်ရင်ပြီးပြီပေါ့လေ လို့ အယူရှိနေကြရင်တော့ မတတ်နိုင်ပါဘူး။
ကျော်ဇောဦး
၂၀၁၉ အောက်တိုဘာလ (၂၇) ရက်

