(၁) ရခိုင်လွှတ်တော်ရဲ့ တာ၀န်တွေဖြစ်တဲ့ – ရခိုင်လူထုကို ကိုယ်စားပြုဖို့၊ ဥပဒေပြုဖို့ နဲ့ ဗဟိုလက်ဝေခံ ရခိုင်အစိုးရကို ထိန်းကျောင်းဖို့ ဆိုတာတွေကို ကောင်းကောင်းနားလည်ပြီး ဗဟိုလက်ဝေခံ ရခိုင်အစိုးရကို ထိန်းကျောင်းဖို့ ဆိုတဲ့တာ၀န်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့သူကိုသာလျှင် အခုလာမယ့် တတိကအကြိမ်မြောက် ရခိုင်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ ဖြစ်စေချင်ပါတယ်။
(၂) ဒေါက်တာအေးမောင် နဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက မထွက်ခင်က ဖြစ်ရပ်တစ်ခုက မှတ်မှတ်သားသား ရှိနေတယ်။ ရခိုင်ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်အမှားအယွင်းများစွာကို အကြောင်းပြုပြီး ၂၀၁၇-၁၈ လောက်မှာ ဦးညီပုကို ဖြုတ်ချဖို့ အသေအချာ စဉ်းစားခဲ့ကြတာရှိတယ်။ အဝေးရောက်နေတဲ့ ဒေါက်တာအေးမောင် ကိုယ်တိုင် စစ်တွေကို လိုက်လာတယ်။ အဲသည်အဆိုကို ကျောက်ဖြူအမတ်ဦးကျော်လွင် (ရမ်းဗြဲ ဦးကျော်လွင် မဟုတ်) တင်မယ် လို့ စဉ်းစားခဲ့ကြတာရှိတယ်။ ရခိုင်အမျိုးသားပါတီရဲ့ ပြည်နယ်လွှတ်တော် အမတ်တွေထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အကြီးအကျယ်လုပ်ကိုင်တဲ့ ရသေ့တောင်အမတ် ဦးသန်းနိုင်က ဦးညီပုကို ဖြုတ်ချဖို့ကို ဆန့်ကျင်တယ်။ ကျွန်တော်မှတ်မိတာ မှန်မယ်ဆိုရင် – လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှလည်း ဒါကို ဆန့်ကျင်တယ်။ သူတို့က ၀န်ကြီးချုပ်အစား ၀န်ကြီးတစ်ဦးဦးကိုသာ ဖြုတ်ချစေချင်တယ်။ ကျွန်တော်တို့က ၀န်ကြီးချုပ်ကို မဖြုတ်ဘဲ ၀န်ကြီးတွေကိုပဲ လိုက်လိုက်ဖြုတ်ချနေတာဟာ ကန်ထရိုက်အကြီးကျယ်လုပ်နေတဲ့ ရခိုင်လွှတ်တော်အမတ်တွေ (အထူးသဖြင့် ANP ထဲက အမတ်တွေ) နဲ့ လုပ်ငန်းများ လက်ဝါးကြီးအုပ်ခွင့်ရသူ ပြည်နယ်၀န်ကြီးများရဲ့ စားခွက်လုပွဲအဆင့်မျှသာ ဖြစ်တယ် လို့မြင်တယ်။ တကယ့် နိုင်ငံရေး အစစ်အမှန်လုပ်ရပ်က ဦးညီပုကို ပြုတ်ကျစေပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့တစ်ခုလုံး ဖွဲ့စည်းမှု ဖြစ်စဉ်ကို သက်ရောက်မှုရှိစေရမယ် လို့ ကျွန်တော်တို့က မြင်တယ်။ ဒါပေမယ့် စားခွက်လုပွဲလောက်လုပ်ချင်တဲ့ လူတွေက အားသာသွားခဲ့တယ်။ အလားတူ မရိုးမသားလမ်းကြောင်းရွေးချယ်မှုများစွာအား လုပ်ကြတာကို ကြုံရပြီးနောက် ဒေါက်တာအေးမောင်တို့ ကျွန်တော်တို့ ဟာ ရခိုင်အမျိုးသားပါတီက မဖြစ်မနေ ထွက်ကြရတော့မယ် လို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
(၃) ၂၀၂၀-ခုနှစ် အစပိုင်းလောက်မှာ ရခိုင်သုံးပါတီ တွေ့ဆုံရေးကို ALD ဘက်က စပြောခဲ့ကြတာရှိတယ်။ ထောင်ထဲမှာ ရောက်နေတဲ့ ဒေါက်တာအေးမောင်က အမြင်က ဒီကိစ္စနဲ့ပတ်သက်လို့ ANP နဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား ရှိပြီးဖြစ်တယ်။ ကျွန်တော်က အခုလို့ AFP ပါတီကို ဦးဆောင်တဲ့ အနေအထားကို ၀င်မယူရသေးတဲ့ အနေအထားဖြစ်တဲ့အတွက် (အဲသည် တွေ့ဆုံရေးကိစ္စကို ပါတီအတွင်း ဆွေးနွေးရာမှာ) ကျွန်တော်ဘာမှ ၀င်ရောက်မှတ်ချက်ပေးခြင်းမပြုခဲ့ပေမယ့် တွေ့ဆုံဖို့မလိုဘူးဆိုတဲ့ စဉ်းစားမှု ဘက်က ကျွန်တော်အလေးကဲ စဉ်းစားခဲ့ပါတယ်။
(၄) NLDကို ရန်ကုန်ကိုလာတွေ့နိုင်ပါတယ် လို့ မကြာသေးခင်က ဦးဘရှိန်ပြောတဲ့ အချိုးမျိုးဟာ အချိန်မရွေး ဖြစ်ပေါ်နိုင်တယ်လို့ ကျွန်တော်တို့ သိနေလို့ ဖြစ်ပါတယ်။
(၅) ဗဟိုလက်ဝေခံ ရခိုင်အစိုးရကို ထိန်းကျောင်းဖို့ ဆိုတဲ့တာ၀န်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ကိုသာလျှင် အခုလာမယ့် တတိကအကြိမ်မြောက် ရခိုင်လွှတ်တော်ရဲ့ ဥက္ကဋ္ဌနေရာမှာ ခန့်အပ်သင့်ပါတယ်။
ဦးကျော်ဇောဦး
၂၀၂၁ ဇန်နဝါရီလ (၂၇) ရက်
==========