
ဓမ္မာရုံ
အာရမ္မဏ ပစ္စယော နှင့် ပတ်သက်၍ ရှေးဆရာမြတ်များက ဥပမာနှင့်တကွ ရှင်းလင်းသင်ပြကြသည့် စာချိုးငယ် တစ်ခုရှိလေသည်။ “အာရမ္မဏ ပစ္စယော – တောင်ဝှေးကြိုးတန်း၊ သူမစွမ်း ကို၊ မပန်းရလေ၊ ထိုင် ထစေဖို့၊၊ စိတ်စေလေးတန်၊ နာမက္ခန်ကို၊ ဖြစ်ဟန်တူစွာ၊ ရှစ်သဘာတွင်၊ ဆွဲထောက်ရာ – အာရုံ၏ အဖြစ်တည်း” ဟူပေ၏။
အာရုံကို သိခြင်းသဘောသည် ‘စိတ်’ ဖြစ်သတည်း ဟူ၍ အဘိဓမ္မာသဘောတွင် ဝိဂြိုဟ်ပြုကြလေသည်။ ထိုကဲ့သို့ သိခြင်းသဘောတည်း ဟူသော စိတ်ဖြစ်ဖို့ရာ အာရမ္မဏပစ္စယော သဘောအရ အာရုံအခံများ ရှိရမည် ဖြစ်လေသည်။ ရှေ့ကစာချိုးတွင် ပြောသကဲ့သို့ သူမစွမ်းသည် ထိုင်၊ ထ၊ သွား လုပ်နိုင်ရန်အလို့ငှာ တောင်ဝှေးတို့ ကြိုးတန်းတို့ကို စွဲကိုင်ထောက်ကူလျက် လုပ်ဆောင်ရသကဲ့သို့ စိတ်ဖြစ်ရန်အလို့ငှာ ရှိရသော အာရုံအခံတို့ကို သူမစွမ်း၏ တောင်ဝှေး ကြိုးတန်းတို့နှင့် ဥပမာပြု ရှင်းပြကြလေသည်။ ထိုအာရုံတို့ကို အဘိဓမ္မာတွင် အပြားအားဖြင့် ခြောက်မျိုးခွဲခြားပြလေသည်။
ယင်းတို့ကား – တစ်၊ ရူပါရုံ(အဆင်း)၊ နှစ်၊ သဒ္ဒါရုံ (အသံ)၊ သုံး၊ ဂန္ဓာရုံ (အနံ့)၊ လေး၊ ရသာရုံ(အရသာ)၊ ငါး၊ ဖောဋ္ဌဗ္ဗာရုံ(အတွေ့) နှင့် ခြောက်၊ ဓမ္မာရုံ (တရားသဘော) တို့ ဖြစ်သည် ဟု ဆိုလေသည်။
ယင်းအာရုံခြောက်ပါး တို့အနက် ပထမအာရုံ ငါးပါးတို့အား လူအများတို့ အလွယ်တကူ နားလည်နိုင်ကြသည် ဖြစ်၏။ သို့ရာတွင် နံပါတ်ခြောက်ဖြစ်သည့် ဓမ္မာရုံ ဟူသည်ကား အဘယ်နည်း။ ဓမ္မာရုံသဘောကို နားလည်နိုင်မှသာလျှင် တရားအားထုတ်ရာတွင် ၀ိဘဇ္ဇ ဆင်ခြင်ခြင်းသဘောအားဖြင့် တွဲဖက်ကာ ကြီးစွာသော အထောက်အကူဖြစ်လာစေနိုင်ကြောင်း ကမ္မဋ္ဌာန်းနည်းပြဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး) က ထပ်ကာတလဲလဲ သင်ကြားဖူးလေသည်။
အဘိဓမ္မာ အလိုအရ ဓမ္မာရုံတွင် အောက်ပါတို့ အပါအဝင်ဖြစ်သည် ဟု သတ်မှတ်လေသည်။
(တစ်) စိတ် ၈၉ ပါး၊
(နှစ်) စေတသိက် ၅၂ ပါး၊
(သုံး) ပဿာဒရုပ် ခေါ် အကြည်ရုပ် ၅ ပါး၊
(လေး) သုခုမရုပ် ခေါ် သိမ်မွေ ့သောရုပ် ၁၆ ပါး၊
(ငါး) ပညတ်
(ခြောက်) နိဗ္ဗာန် – တို့ ဖြစ်ကြလေသည်။
ဓမ္မာရုံ တည်းဟူသော အစုအဖွဲ့တွင် နိဗ္ဗာန် နှင့် ပညတ် တို့ကို ထည့်သွင်း ဖော်ပြထားသည်ကို သတိထားဖွယ် ဖြစ်၏။ ဓမ္မာရုံသည် နိဗ္ဗာန်သို့ ထိုးထွင်းသိမြင်နိုင်သော အပေါက် gateway ဖြစ်နိုင်ပေရာ – ထို တံခါးပေါက်အား မသိမြင်နိုင်အောင် ဓမ္မာရုံ ၏ အစုအဖွဲ့ဝင်တစ်ခုဖြစ်သော ပညတ်သဘော သည်ကား ကိလေသာတို့နှင့် ရောယှက်လျက် သတ္တဝါတို့အား မှိုင်းမှုန်ဝေ၀ါးနေစေသည်ဖြစ်ရကား နိဗ္ဗာန်တံခါးကို မမြင်နိုင် ဖြစ်နေကြလေသည် ဟု ဆိုဖွယ်ရာရှိလေသည်။ ဓမ္မာရုံ၏ အစုအဖွဲ့ဝင် နံပါတ်ငါး ဖြစ်သည့် “ပညတ်” တည်းဟူသော – ငါ၊ သူတပါး၊ ယောကျင်္ား၊ မိန်းမ၊ ငါ့သား၊ ငါ့သမီး၊ တရုတ်၊ ကုလား၊ ရခိုင်၊ ဗမာ၊ ရခိုင်နိုင်ငံတော်၊ ဗမာနိုင်ငံတော်၊ အချစ်၊ အမုန်း၊ မိမိသင်ကြားတတ်မြောက်ထားသည့် ဘာသာစကား၏ စကားလုံးများ၊. . . စသည်ဖြင့် ရုပ်အစုအဝေးတို့အား ယူနစ်များအဖြစ် သိမြင်နေမှု၊ ထိုသိမြင်နေမှုတို့အား အမည်ပေး သတ်မှတ်ချက်များ၊ နာမ် သဘောသဘာဝ သတ်မှတ်ချက်များကို စကားလုံးတို့ဖြင့် သတ်မှတ်စီရီလျက် စက္ကန့်မလပ် အလိုအလျောက် စဉ်းစား တုံ့ပြန်လုပ်ဆောင်မှုတို့သည် “ငါ” ဟု မိမိကိုယ်ကို သတ်မှတ်မှုနှင့်အတူ စဉ်ဆက်မပြတ် ဖြစ်နေရကား “မှိုင်းမှုန်ရီဝေ” လျက် အမှန်ကို မမြင်နိုင်ဖြစ်နေကြလေသည် ဟု ဆိုလေသည်။
သတိ
ထိုကဲ့သို့ “မှိုင်းမှုန်ရီဝေ” လျက် အမှန်ကို မမြင်နိုင်ဖြစ်နေခြင်းအား မည်ကဲ့သို့ လွန်မြောက်နိုင်မည်နည်း ဆိုသော်ကား – အစဉ်အမြဲ “သတိ” ရှိလျက် သိမှတ်နိုင်ခြင်းအားဖြင့် တစ်ချိန်ချိန်တွင် အရှိကို အရှိအတိုင်း သိမြင်လာကာ “ပညာ” တည်းဟူသော လွတ်မြောက်မှု အလင်းရောင်ကို ရနိုင်မည် ဟု ဆိုလေသည်။ ထို့ကြောင့် မိမိ တစ်သက်တာဟောကြားတော်မှုခဲ့သော တရားတော်တို့အနက် – သို့မဟုတ် တရားတော်အားလုံး၏ အနှစ်ချုပ်အဖြစ် – အရေးအကြီးဆုံး သတင်းစကား အဖြစ် ဘုရားရှင်သည် “အပ္ပမာဒေန သမ္ပာဒေထ” ဟု မမေ့မလျော့ခြင်းရှိကြဖို့ နောက်ဆုံးသြဝါဒပေးခဲ့ပေသည်။ “ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ” ဟု မိန့်မှာတော် မူခဲ့လေသည်။
သောက်စားမှုယစ်လျှင် နဂိုရှိနေပြီးသား “မှိုင်းမှုန်ရီဝေ”မှုမှာ ပိုမို ဆိုးသထက် ဆိုးရွားသွားလေသည်။ သောက်စားမူးယစ်မှသာလျှင် ထိုကဲ့သို့ “မှိုင်းမှုန်ရီဝေ” ဖြစ်နေသည် မဟုတ်၊ အရှိကို အရှိအတိုင်းမမြင်ဘဲ အမြင်ဝေ၀ါးနေမှုမှန်သမျှသည် “မှိုင်းမှုန်ရီဝေ” မှုများ ဖြစ်ကြပေသတည်း။ ယခုကဲ့သို့ ဆင်ခြင်မှုများအရဆိုလျှင် – ကျွနု်ပ်သည်လည်း လူသာမန် ပုထုဇဉ်တစ်ဦးအဖြစ် “မှိုင်းမှုန်ရီဝေ”မှုများ ရှိနေပေသည်။ ထိုမျှသာမက နိုင်ငံရေးသမားတစ်ဦးအဖြစ် နေ့စဉ်နှင့်အမျှ တွေးကြံပြုမှုနေမှုများသည်လည်း ထို “မှိုင်းမှုန်ရီဝေ”မှုများ၏ ကန့်သတ်ချက် ဘောင်များအတွင်းက လုပ်ဆောင်နေခြင်းဖြစ်သည် ဟု မှတ်ယူရမည် ဖြစ်ပေ၏။ ဤကား ဗုဒ္ဓ၏ ဟောကြားချက်များ အလိုတည်း။
ပလေတို၏ ဂူ (Allegory of the Cave or Plato’s Cave)
လူတို့၏ စက္ကန့်မလပ်သော ထိတွေ့သိမြင် အတွေ့အကြုံတို့သည် အမှန်ကို အမှန်အတိုင်း သိမြင်တွေ့ကြုံနေခြင်း မဟုတ် ဆိုသည့် အကြောင်းကို ပလေတိုသည် ဂူတစ်ဂူထဲတွင် အကျဉ်းကျနေသော အကျဉ်းသားများ နှင့် ပုံပမာခိုင်းကာ ဥဒါဟရုန်ဆောင်ပြချက် တစ်ခုအား ၎င်း၏ Republic ကျမ်းထဲတွင် ရေးသားခဲ့လေသည်။ ယင်းအား ဂူ ဥဒါဟရုန် (Allergory of the Cave) သို့မဟုတ် ပလေတို၏ ဂူ (Plato’s Cave) ဟု ခေါ်ကြလေသည်။
ထိုဥဒါဟရုန်ကား ဤသို့တည်း။ ချုပ်နှောင်ထားသော အကျဉ်းသားတို့အား ဂူထဲရှိအတွင်းဘက်နရံအား မျက်နှာမူကာ ထိုင်ခိုင်းထားလေသည်။ ထိုနံရံမှလွဲ၍ ဘာကိုမျှကြည့်ခွင့်မပေး။ အကျဉ်းသားတို့၏ ကျောဘက်တွင် အရုပ်ကားချပ် အထုအထည် စသည်တို့အား လှည့်လည်လှုပ်ရှားမှုရှိနေအောင် ဖန်တီးထားလေသည်။ ထို အရုပ်ကားချပ် အထုအထည်တို့နောက်တွင် မီးပုံတစ်ခု သို့မဟုတ် မီးရောင်ရင်းမြစ်ရှိ၏။ ထိုမှ မီးရောင်တို့က လှည့်လည်လှုပ်ရှားနေသော အရုပ်ကားချပ် အထုအထည်တို့အပေါ် ထိုးသည်ဖြစ်ရကား အကျဉ်းသားတို့ မျက်နှာမူနေသော ဂူအတွင်းဖက်နံရံ အပေါ်သို့ အရိပ်များကျရောက်၏။ ထိုသို့ကျရောက်နေသော အရိပ်များလှုပ်ရှားနေသည်ကိုသာ အကျဉ်းသားများက မြင်ရလေသည်။ ထိုမြင်နေရသော လှုပ်ရှားအရိပ်များသည်ပင်လျှင် အကျဉ်းသားများအတွက် ကမ္ဘာကြီးပင်ဖြစ်လေသည်။ ထိုအရိပ်များကို လောကကြီးပင်တကား ဟု စွဲမှတ်ယူသည်မှာ အခိုင်အမာဖြစ်လာသောအခါ – ထိုအရိပ်များသည် အစစ်အမှန်မဟုတ်ကြောင်း၊ အစစ်အမှန်များသည်လည်း ရှိသေးကြောင်း၊ ထိုအကြောင်းအချက်များကို သိမြင်လျက် ဂူထဲမှ ထွက်မြောက်သွားသောအခါ လှပသာယာသော အစစ်အမှန် အပြင် ကမ္ဘာလောကကြီး ရှိနေသေးကြောင်း အကျဉ်းသားတို့ မသိတော့ပေ။ ဂူထဲတွင်ပင်လျှင် အကျဉ်းကျလျက် ရှိနေပေတော့သည်။
ထိုနည်းတူစွာ – ကိလေသာအညစ်အကြေးတို့ဖြင့် “မှိုင်းမှုန်ရီဝေ”လျက် မိမိတို့က ဓမ္မာရုံတွင် ထင်ဟပ်နေသာ မြင်၊ကြား၊ထိ၊ရသာ၊သိ၊ကြံတွေးမှု အစုစုတို့အား ပညတ် frame တို့တွင် ထည့်သွင်းသိမြင်လျက် မိမိတို့၏ ကမ္ဘာလောကကြီး ဟု မိမိတို့က မှတ်ယူနေ ကြပေတော့သည်။ “မှိုင်းမှုန်ရီဝေ” နေသောသူ၏ ဓမ္မာရုံသည်ကား ပလေတို၏ ဂူထဲက အရိပ်ထင်နေသော အတွင်းဖက်နံရံနှင့်သာ တူပေသည်။
လူတို့၏ ဓမ္မာရုံသည်ကား (ရသာရုံ နှင့် ထိတွေ့မှုကိုပါ ခံစားနိုင်အောင် တီထွင်ထားသည့်) ရုပ်မြင်သံကြား တစ်လုံးပမာ တဆင့်ခံသိမြင်နေရမှုများ နှင့်တကွ အချိန်တည်း ဟူသော dimension ကို ထည့်ပေါင်းလျက် အတ္တတည်း ဟူသော (ego construct) နှင့်တကွ အခြားသော ထင်ယောင်မှားမှုပေါင်းစုံတို့နှင့်တကွ သေသေသပ်သပ် တင်ဆက်ကပြနေသည့် ကိုယ်ပိုင်ရုပ်ရှင်ရုံကြီးပေတည်း။
နှာခေါင်းထိပ် လက်ထိသည့် ဥပမာ
မိမိ၏ နှာခေါင်းထိပ်ကို မိမိ၏ လက်ညိုးထိပ်ဖြင့် ထိလိုက်သောအခါ ထိသည် ဟု သိရလေသည်။ ထိုသို့သိသည့် အချိန်သည် ပစ္စုပန်တည့်တည့် ယခု (now) လော။ ထိုကဲ့သို့ထိသည့်အကြောင်းကို နှာခေါင်းထိပ်ကနေ အာရုံကြောများက ဦးနှောက်သို့ သတင်းပို့ရာလမ်းကြောင်း၏ အလျားသည် လက်ချောင်းထိပ်ကနေ လက်မောင်းကတဆင့် အာရုံကြောများတလျောက် သတင်းပို့ရာလမ်းကြောင်း ထက် ပိုမိုတိုတောင်းပေသည်။ မည်သည့်လမ်းကြောင်းကပို့သော သတင်းကို ယခုထိနေသည် ဟု ဦးနှောက်က ဆုံးဖြတ်သိရှိခြင်း ဖြစ်သနည်း။ စောလျင်စွာသိသော ထိတွေ့မှုသတင်း နှင့် နောက်ကျမှသိသော ထိတွေ့မှုသတင်းများကို ဦးနှောက်က မည်ကဲ့သို့ သုံးသပ်ဆုံးဖြတ်သနည်း။
လက်ရှိအချိန် ဟု သိမြင်မှု (sense of now)
ဥပမာ ဆိုကြပါစို့ရဲ့။ လသာသော ညတစ်ညတွင် ဓါတ်မီးတိုင် ထိပ်ဖျားကို လှမ်းမော့ကြည့်လိုက်ပါ။ ဓါတ်မီးတိုင်ထိပ်၏ နောက်ဘက် ကောင်းကင်ပြင်တွင် လမင်းကြီးသည်ကား ၀ိုင်းစက် ဝင်းလက်နေလေသည်။ လမင်းကြီးအနားတဝိုက် နှင့် ကောင်းကင်တခွင်တွင် ကြယ်ရောင်စုံများ ပြန်ကြဲလင်းလက်နေလေသည်။ ပန်းချီကား တစ်ချပ်ပမာ လှပ လှပါပေသည်။ နာရီကို ကြည့်လိုက်သော် ညဆယ်နာရီ ဖြစ်ကြောင်း တွေ့ရလေသည်။
အမှန်က ပန်းချီကားတစ်ချပ်ပမာ လှပသည် ဟု ဆိုခြင်းထက် ထိုအရာတို့အား မိမိတို့က ပန်းချီကားတစ်ချပ်ပမာ မြင်နေခြင်းသာ ဖြစ်ပေတော့သည်။ အချိန်ကာလချင်းမတူသည့် (အတိတ်)ပုံရိပ်များကို စုစည်းကာ ပန်းချီကားတစ်ချပ်ပမာ တပြားတည်း မျက်နှာပြင်တစ်ခုတည်း ရောထွေးမြင်ယောင်လျက် လှပပါပေသည် လှပပါပေသည် ဟု ရေရွတ်နေခြင်းမျှသာ ဖြစ်လေသည်။
အလင်းသည် အာကာသထဲတွင် တစ်စက္ကန့်လျှင် မိုင်ပေါင်း တစ်သိန်းရှစ်သောင်း ခြောက်ထောင်ကျော် နှုန်းဖြင့် သွားသည် ဖြစ်ရကား အချိန်က သင်မြင်ရသော လ၏ ပုံရိပ်သည် လွန်ခဲ့သော (၁.၃) စက္ကန့်က အရောင်ပြန်လျက် လထံမှ ထွက်ခွာလာခဲ့သော အတိတ်ပုံရိပ်မျှသာဖြစ်လေသည်။ သင်မြင်ရသော ကြယ်ကလေးများ၏ ပုံရိပ်တို့သည်ကား လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက အတိတ်ပုံရိပ်တို့မျှသာ ဖြစ်လေသည်။ ၁၅ ပေခန့်မြင့်သည့် ဓါတ်မီးတိုင်ထိပ်ဖျားက မီးလုံး၏ ပုံရိပ်သည်ပင်လျှင်လည်း ပစ္စုပန်တည့်တည့် ပုံရိပ် မဟုတ်သေး။ လွန်ခဲ့သော တစ်စက္ကန့်၏ ခြောက်ဆယ့်ငါးသန်းပုံတစ်ပုံ ဝေးကွာခဲ့သော ကာလ၏ အတိတ်ပုံရိပ်မျှသာဖြစ်လေသည်။ ထိုကဲ့သို့ ကာလမတူသော ပုံရိပ်တို့အား ပန်းချီကားကဲ့သို့ မျက်နှာပြင်အပြားပမာ အကြမ်းဖျင်း သိမြင်လျက် လက်ရှိ ညဆယ်နာရီအချိန်သည် သာယာလှပါပေ၏ ဟူ၍ စိတ်ကြည်နူးမှု ဖြစ်နေရခြင်း ဖြစ်လေသည်။
တင်းနစ်သမား ယင်ဖမ်းခြင်း
သင်၏ မျက်လုံးများကို မှန်ထဲတွင် စိုက်ကြည့်ပါ။ ထို့နောက် သင်၏ မျက်လုံးများ ရွေ့လျားသလား ဟု ကြည့်ပါ။ ထို့နောက် သင့်မိတ်ဆွေ တစ်ဦး၏ မျက်လုံးများကို စိုက်ကြည့်ပြီး ထိုသူ၏ မျက်လုံးများ ရွေ့လျားသလား ဟု ကြည့်ပါ။ ဤလေ့ကျင့်ခန်းအရ သူတပါးမျက်လုံးတို့ ရွေ့သည်ကို မြင်နိုင်ပါလျက် မိမိ မျက်လုံးများရွေ့သည်ကို မိမိကိုယ်တိုင် မှန်ထဲတွင် မမြင်ရသည်မှာ – အဘယ်ကြောင့်နည်း။ မျက်လုံးများရွေ့သောအခါ မမြင်ရသည်မှာ မျက်လုံးများ ရွေ့လျားမှုသည် မြန်လွန်းသောကြောင့်လော။ ထိုအကြောင်းကြောင့် မဟုတ်သည်ကို သင့်မိတ်ဆွေမျက်လုံးများ ရွေ့ခြင်းကိုကျတော့ မြင်ရသည်ကို ထောက်ရှုလျက် သိနိုင်ပေသည်။ မိမိမျက်လုံးများရွေ့သည်ကို မိမိကိုယ်တိုင် မမြင်ရခြင်းမှာ မျက်လုံးများရွေ့လိုက်သောအခါ အချိန်ကာလအနည်းငယ်မျှ မမြင်ရ (blind) ဖြစ်သွားသောကြောင့် ဖြစ်သည် ဟု ဆိုသည်။
သို့သော် မိမိတို့သည် အမြဲတမ်း မျက်လုံးများ ဟိုရွေ့သည်ရွေ့လုပ်နေပါလျက် – အကြားအလပ်တချို့ မမြင်မကန်းဖြစ်သွားပါလျက် – စဉ်ဆက်မပြတ်မြင်နေရသည် ဟု အဘယ်ကြောင့် သိမြင်နေရပါသနည်း။ ထိုမမြင်ရသော ကြားကာလ အလပ်အဟများကို ဦးနှောက်က ဖန်တီးရုပ်ပုံများ ထည့်သွင်းပေးထားသောကြောင့် စဉ်ဆက်မပြတ်မြင်နေရသည့်ပမာ ဖြစ်နေသည် ဟု ဆိုလေသည်။
တစ်နာရီကို ကီလိုမီတာ (၂၅၀) နှုန်းခန့် အရှိန်ပြင်းစွာသွားနေသော တင်းနစ်ဘောလုံးသည် ကွင်းတစ်ဖက်အစွန်သို့ ရောက်ရန် (၀.၃၃) စက္ကန့်မျှသာ ကြာလေသည်။ ထိုလှုပ်ရှားမှုအား တစ်ဘက်ကစားသမားက တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံ (၀.၁) စက္ကန့်တွင် အချိန်မီ သိမြင်ကာ မှန်မှန်ကန်ကန် တုံ့ပြန်ရိုက်ထုတ်နိုင်သည်မှာ စဉ်ဆက်မပြတ် မြင်နေရသောကြောင့်မဟုတ်၊ တင်းနစ်ဘောလုံး လာမည့်လမ်းကြောင်းကို ဦးနှောက်ကအလိုအလျောက် ကြိုတင်တွက်ချက်တုံ့ပြန်နိုင်သောကြောင့်သာ ဖြစ်သည် predictability ကြောင့်သာဖြစ်သည် ဟု ဆိုလေသည်။ သို့ရာတွင် တစ်စက္ကန့်လျှင် ရှစ်ကီလိုမီတာ မျှသာရှိသည့် အမြန်နှုန်းဖြင့် ပျံနိုင်သော ယင်ကောင်ကို ဖမ်းမိနိုင်ရန် အလို့ငှာ ယင်ကောင်ပျံမည့် လမ်းကြောင်းအား အနာဂတ်ကြိုတင်တွက်ချက်မှု လုပ်ရန်ခက်ခဲရသည် ဖြစ်ရကား ယင်ကောင်ကို ဖမ်းမိရန် ခက်ခဲပြန်လေသည်။ ဦးနှောက်ကတွက်ချက်လျက် ထိုနေရာတွင် ယင်ကောင်ရှိလိမ့်မည် ဟု ထင်ကာ ကြိုတင်ဖြည့်ပေးထားသော ပုံရိပ်အတုကို လက်ဖဝါးဖြင့် ဖြန်းကနဲ ရိုက်မိသော်လည်း ယင်ကောင်ကို မဖမ်းမိပေ။
ဘောလုံးသမားများ လျင်မြန်စွာ ပြေးနေသော ရုပ်ပုံလွှာကို လူတစ်ယောက်မြင်နေသည့်အခါ ဦးနှောက်၏ အစိတ်အပိုင်းအသီသီးက ပုံရိပ် ရလဒ်ထုတ်ဖော်မှုဖြစ်စဉ် (processing) ပြုလုပ်သည့်အခါ အရောင် (color) ကို ထုတ်လုပ်သည့်အပိုင်းက အမြန်ဆုံး အလုပ်လုပ်နိုင်လျက် ရွေ့လျားမှု (motion) ကို ပုံဖော်သည့် ဖြစ်စဉ်က ယင်းထက်ပိုမိုနှေးကွေးကာ ပုံသဏ္ဍန် (form) ကို ပုံဖော်သည့် ဖြစ်စဉ်က အနှေးဆုံးဖြစ်သည် ဟု ဆိုလေသည်။ သို့ရာတွင် မျက်စိကတကယ်တမ်းမြင်သည့်အခါ ပုံပျက်ပန်းပျက်ဖြစ်မနေလေအောင် – ရွေ့လျားမှု နှင့် ပုံသဏ္ဍန်တို့အား ယခင်ရှိပြီးသား အချက်အလက်တို့အား ထည့်သွင်းတွက်ချက် ဖြည့်စွက်ပေးလျက် မြင်စေသည် ဟု ဆိုလေသည်။ ဆိုလိုသည်မှာ သင်မြင်နေရသော အရာတို့မှာ ၁၀၀% အရှိကို အရှိအတိုင်းမြင်နေရခြင်းမဟုတ် အာရုံအစုအပေါင်းတို့အား မိမိကိုယ်ပိုင်ဇာတ်ခုံပေါ်တွင် ပုံထွက်ရှိအောင် ဖန်တီးပေးထားသည်တို့အား မြင်ကြားထိသိ နေကြရခြင်းဖြစ်သည် ဟု ဆိုလေသည်။
Controlled Hallucinations
ဗြိတိသျှ အာရုံကြောသိပ္ပံပညာရှင် Anil Seth က လူတို့သိမြင်ကြုံတွေ့နေရသည့် သိမှုအတွေ့အကြုံ (cognitive experiences) များသည် အရှိအရှိအတိုင်း သိမြင်နေရခြင်းမဟုတ်၊ မိမိခန္ဓာကိုယ်ထဲရှိ သိမှုဆိုင်ရာ ယန္တရား၏ ပါဝင်ထိန်းချုပ်မှုအားဖြင့် ပုံဖော်ကာ သိမြင်ထိတွေ့မှုများဖြစ်ပျက်သည့် ထိန်းချုပ်ခံ အမြင်မှားသိမြင်မှုများ (controlled hallucinations) များသာ ဖြစ်သည် ဟု ဆိုလေသည်။ ဥပမာ တစ်စုံတစ်ခုကို ကြားသည် ဆိုလျှင်လည်း နားအာရုံမှတဆင့် ကြားရသော အသံများသက်သက်ကိုသာ ထည့်သွင်း ထုတ်လုပ်ကြားစေခြင်းမဟုတ်၊ ဦးနှောက်ထဲတွင် သိုမှီးထားပြီးသား အချက်အလက်များနှင့် ပေါင်းစပ်ကာ ဟနေသည့်နေရာများကို ဖြည့်စွက်လျက် ကြားစေခြင်း ဖြစ်သည် ဟု သူက ဆိုလေသည်။ အချက်အလက်များကို လက်ခံရုံသက်သက် (passively receiving) မဟုတ်၊ မိမိဘက်က ထုတ်လုပ်ပေးခြင်း (actively generating) အလုပ်ကိုလည်း လုပ်သည် ဟု ဆိုလေသည်။ မိမိ တစိတ်တပိုင်း ရိုက်ကူးထုတ်လုပ် ကြည့်ရှုသည့် ကိုယ်ပိုင်ရုပ်ရှင်ရုံငယ်သဘော ပေတည်း။
ကေသမုတ္တိသုတ်
ဓမ္မာရုံ ဟူသည်ကား မိမိတို့ကြုံတွေ့ရသမျှ အရုံခံစားမှုအဝဝတို့ကို ကိလေသာဒါရိုက်တာတို့က တည်းဖြတ်ရိုက်ကူးထုတ်လုပ်သော မိမိတို့၏ ကိုယ်ပိုင်ရုပ်ရှင်ရုံပမာ ဖြစ်ကြပေသတည်း ဟု ကျွန်ုပ် ဖတ်ရှုနားထောင်လျက် ဖတ်ရှုနားထောင်ရသည်တို့အား တွေးတောဆင်ခြင်လျက် ရေးသားတင်ပြအပ်ပေသည်။ ထိုကဲ့သို့ ရေးသားတင်ပြနိုင်ပါလျက်နှင့် အကျွနု်ပ်သည် အဘယ်ကြောင့် သောတာပန်တစ်ဦး မဖြစ်သေးရသနည်း။ အဘယ်ကြောင့်ဆိုသော် တွေးကြံရုံမျှဖြင့် သိသောအသိသည် ကိုယ်တွေ့ပိုင်ပိုင်သိသော အသိမဟုတ်သောကြောင့်ပေတည်း။
အမှန်တရားကို ထိုးထွင်းသိမြင်ဖို့ရာ နည်းလမ်းကား ပြောစကား ကြားစကားတို့ဖြင့် အခြေခံကာ စဉ်းစားတွေးတောနိုင်ခြင်းမျှဖြင့် အမှန်တရားကို သိမြင်သည် ဟု မဆိုနိုင်သေး ဟု ကေသမုတ္တိသုတ်တွင် ဘုရားရှင်က ဟောကြားခဲ့လေသည်။ ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး ဟု ဘုရားရှင်က ဟောတော်မူလေသည်။ ထိုသုတ္တန်တွင် ဘုရားရှင်၏ ဟောကြားချက်မှာ – လောကီရေးရာတို့၌ စကားနိုင်လုကြရန် အလို့ငှာ ဟောကြားခဲ့ခြင်း မဟုတ်နိုင်ပေ။ အမှန်တရားသို့ သိမြင်ပေါက်ရောက်နိုင်ရေး လမ်းကြောင်း၏ လက္ခဏာများကို ပြောပြခြင်းသာ ဖြစ်ပေလိမ့်မည်။ ဟောကြားချက် အနှစ်ချုပ်အကျယ်ကို အောက်တွင် ကူးယူတင်ပြအပ်၏။
ကာလာမမင်းတို့ သင်တို့သည်— “ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊”
နိဂုံးချုပ်ရလျှင် – ဤသို့လျှင် ထပ်ဆင့်မျှဝေရန်အလို့ငှာ ကြားဖူးနားဝရှိသည်တို့အား ဖွယ်ဖွယ်ရာထည့်သွင်း၍ ဤစာကိုရေးသားလျက် မိမိ၏ ဓမ္မာရုံတွင်ဖြစ်သော အားရကျေနပ်မှုတို့အား ခံယူလျက် ဤနေရာတွင် အပြီးသတ်လိုက်ရပါသတည်း။
ကျော်ဇောဦး
၂၀၂၁-ခုနှစ် နိုဝင်ဘာလ (၂၈) ရက်
==========
blog post number – 224
short link to this post => https://bit.ly/3D0ZmbS
==========