● ၂၀၂၁ မြန်မာစစ်တပ်က အာဏာယူပြီးခါစ နှင့် ဒေါက်တာအေးမောင် မလွတ်သေးခင်ကြားကာလ ထင်ပါသည်။ သတင်းဌာနတစ်ခုက မေးပါသည်။ အခု အာဏာယူလိုက်သော SAC က ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ရခိုင့်ဦးဆောင်ပါတီ အနေဖြင့် ရွေးကောက်ပွဲဝင်မည်လား ဟု မေးပါသည်။ ကျွန်တော့် ဆန္ဒအမှန်ကို ပြောရမည်ဆိုလျှင် – ထိုအချိန်တွင် ထိုအကြောင်းအား မေးမြန်း သတင်းမလုပ်စေလိုပါ။ သို့သော်လည်း ရွေးကောက်ပွဲကျလျှင် ရခိုင့်ဦးဆောင်ပါတီက ဝင်ပါမည် ဟု ဖြေလိုက်ပါသည်။ ထိုစဉ်က ခေါင်းထဲတွင် ပေါ်ခဲ့သော်လည်း မပြောလိုက်သော စကားတစ်ခွန်း ရှိခဲ့ပါသည်။ အခုအချိန်မှာ မဝင်ဘူးလို့ ပြောနေကြတဲ့ အချို့သော ပါတီတွေရှိရင်လည်း အဲသည်ပါတီတွေထဲက တော်တော်များများလည်း ရွေးကောက်ပွဲအချိန်ကျရင် ဝင်ကြမှာပဲ ဟု ခေါင်းထဲတွင် တွေးမိသော်လည်း မပြောလိုက်ပါ။
● နိုင်ငံရေးသမားများ (လက်နက်ကိုင်သော နိုင်ငံရေးသမား နှင့် လက်နက်မကိုင်သော နိုင်ငံရေးသမားများ အပါအဝင်) အနေဖြင့် မနောကံ၊ ဝစီကံ၊ ကာယကံတို့ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အဆင့်သုံးဆင့် ရှိနိုင်ကြောင်း ထိုသုံးဆင့်တို့တွင် ထပ်တူထပ်မျှ ဖော်ပြလုပ်ဆောင်ချင်မှ လုပ်ဆောင်ကြမည်ဖြစ်ကြောင်း တွေးမိတတ်သူ နည်းပါသည်။ နိုင်ငံရေးသမားက အမှန်တကယ် စိတ်ထဲမှာ စဉ်းစားနေတာ (analysis)၊ နိုင်ငံရေးသမားက ပါးစပ်က ထုတ်ပြောတာ (rhetoric) နှင့် နိုင်ငံရေးသမားက အမှန်တကယ် လုပ်ဆောင်တာ (action) တို့သည် ထပ်တူကျချင်ကျမည်၊ ထပ်တူကျချင်မှလည်း ကျမည်။ မိမိက ထပ်တူကျနေရင်တောင်မှ သူများက ထပ်တူကျချင်မှ ကျမည် ဟု အမြဲ သတိထားရပါသည်။ သတိမထားလျှင် အလိမ်ခံရနိုင်သည်။ နိုင်ငံရေးသမား အလိမ်ခံရလျှင် ထိုနိုင်ငံရေးသမားက ကိုယ်စားပြုနေသော လူမျိုး အလိမ်ခံရနိုင်သည်။ ရာထူးအာဏာနောက်ကို နေရာပြောင်းရွေ့လိုက်နေရင်း စကားပုံစံကို (‘စကားကို’ ဟု မဆိုလို) အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောနေသော နိုင်ငံရေးသမားများကို မကြာခဏတွေ့နိုင်သည်။ မနက် ထာဝရ ညနေ သာမည ဖြစ်သွားနိုင်သည်။
● ၂၀၀၈ ဖွဲ့စည်းပုံအား ပြင်ဆင်ရမည့်အချက်များတွင် ပြည်နယ်ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်က ရွေးချယ်ခန့်ထားရမည် ဆိုသည့် အခြေအနေဖြစ်အောင် ပြင်ဆင်ရမည် ဆိုသည့် အချက်အား နောက်ဆုံးအချိန်တွင် NLD က လက်မခံခဲ့ပေ။ ထိုစဉ်က NLD ပါတီဘက်က ထိုကိစ္စကို လျှောက်လဲချက်ပေးကြသူများ ထပ်ကာတလဲလဲ ပြောနေခဲ့ကြသည့် အချက်တစ်ချက်မှာ – အဲသလို “ပေး” လိုက်ရင် ပြည်နယ်တွေမှာ (တပ်ယိမ်းတဲ့) ကြံ့ခိုင်ရေးပါတီ ပြည်နယ်အဆင့်တွေမှာ အာဏာရလာနိုင်ပြီး စစ်တပိုင်းအာဏာရှင် စနစ်ကို ဖြုတ်ချရာမှ နှောင့်နှေးကြံ့ကြာသွားမယ် ဟူသတတ်။ သို့ဖြစ်ရာ အစစ်အမှန် ဖက်ဒရယ်ဖြစ်ရေးအတွက် ဘယ်လိုပဲ ပြောပြော ခြေလှမ်းတစ်ရပ် ဖြစ်သည့် ပြည်နယ်များ၏ စံမံခန့်ခွဲခွင့် အာဏာကို နောက်မှာထား ငါတို့ကို ပလ္လင်ထက်မှာ တင်ပေးရေးမှာ ယောင်ယောင်ကလေးမှတောင် အားမနည်းသွားစေဖို့ လိုတယ် ဆိုသည့် (သူရို့၏) စိတ်နေစိတ်ထားကိုပင် အကြောင်းပြချက်ပေးလျက် ရှင်းပြနေရာ ရောက်ပေသည်။
● PR ခေါ် proportional representation (အချိုးကျကိုယ်စားပြုမှုစနစ်) အား “ယနေ့ မြန်မာပြည်ဟု ခေါ်နေသေးသည့် နေရာ” တွင် ကျင်းပမည် ဟု အခင်းအကျင်းလုပ်နေကြသည့် အကြောင်းအရာ နှင့်ပတ်သက်လျက် မငြင်းနိုင်သည့် ယူဆချက် နှစ်ရပ်ရှိပါသည်။ တစ်၊ PR စနစ်တွင် အရေအတွက် အနည်းရသည့် မဲအစုအဖွဲ့များအားလည်း ငြင်းပယ်ခြင်းမပြုဘဲ ထိုမဲများကို ကိုယ်စားပြုလျက် ကိုယ်စားပြုသူများ ရွေးချယ်ခွင့်ပြုသည့်အတွက် ပိုမိုမျှတသော စနစ်တရပ် ဖြစ်သည် ဆိုသည့်အချက်၊ နှင့် နှစ်၊ ထိုသို့ပင် ပိုမိုမျှတသော စနစ်ဖြစ်စေကာမူ ၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာစစ်တပ်က လွှတ်တော်ထိုင်ခုံများ၏ လေးပုံတစ်ပုံကို ရွေးကောက်ခံစရာမလိုဘဲ ရယူထားသည့်အတွက် (PR ကျင့်သုံးပြီးနောက်ပိုင်းတွင်) မြန်မာစစ်တပ်သည် အစိတ်စိတ်အမွှာမွာ ဖြစ်နေသည့် နိုင်ငံရေး အစုအဖွဲ့များအကြားတွင် အကြီးမားဆုံးသော လွှတ်တော်မဲ အစုအဖွဲ့ (bloc) ကို ကိုင်ထားသူ ဖြစ်လာခြေအလွန်များသွားပြီး နိုင်ငံရေးအား သွန်လိုလွန် မှောက်လိုမှောက် လွှမ်းမိုးမည် ဆိုသော အချက် တို့ ဖြစ်လေသည်။
● ဒုတိယအချက် ဖြစ်လာခဲ့ပါက (ရခိုင်ပြည်သူတို့အကြားတွင် ရေပန်းစားနေသော စကားလုံးကို ယူငင်သုံးစွဲ ပြောရလျှင်) “အစိမ်းတုတ် နှင့် အရိုက်ခံရခြင်း” ဖြစ်လေသည်။ ပထမချက် ဖြစ်သည့် PR စနစ်၏ balancer မျှစေနိုင်အားကို ယူငင်သုံးစွဲခြင်း မပြုဘဲ နဂို ၂၀၀၈ ဖွဲ့စည်းပုံ အခြေအနေအတိုင်း ပြန်သွားလျှင် “အနီတုတ်နှင့် အရိုက်ခံရခြင်း” ကို ပြန်ရောက်မည်။ အနီတုတ်နှင့် အရိုက်ခံရခြင်းသည်လည်း မကောင်း၊ အစိမ်းတုတ်နှင့် အရိုက်ခံရခြင်းသည်လည်း မကောင်း။
● မည်သည့် စစ်အာဏာရှင်စနစ်ကမှ မကောင်းချေ။ သို့ဖြစ်ရာ မြန်မာစစ်တပ်အနေဖြင့် လွှတ်တော်နေရာ လေးပုံတစ်ပုံယူထားခြင်း အစရှိသည့် နိုင်ငံရေးနယ်ပယ်ကို စစ်တပ်ကလွှမ်းမိုးသည့် ပြဋ္ဌာန်းချက်များကို ဖယ်ရှားနိုင်ရေး (သို့မဟုတ်၊ တစ်ဆင့်ချင်း ဖယ်ရှားနိုင်ရေး) အား မနောကံ၊ ဝစီကံ၊ ကာယကံ တို့အားဖြင့် လုပ်ဆောင်သင့်သည် ဆိုသည်မှာ ငြင်းဖွယ်ရာမရှိ။ သို့သော် အစိမ်းတုတ်နဲ့ ရိုက်မှာလေ ရိုက်မှာလေ ဟု တတွတ်တွတ်ရွတ်လျက် လက်ညှိုးထိုးလျက် ပြည်နယ်ဝန်ကြီးချုပ်ကိစ္စကိုလည်း မလုပ်နဲ့ဦး PR ကိုလည်း မလုပ်နဲ့ဦး ဟု ကျိုးကြောင်းပြနေသူများလည်း တစ်ဘက်က ရှိ၏။ ၂၀၀၈ ထီးရိပ်သည်ကား (လောလောလတ်လတ်) အစိမ်းတုတ်နဲ့ အရိုက်ခံနေရသည့် လောကဖြစ်လေသည်။ အရိုက်မခံလိုလျှင် သည်ထီးရိပ်နှင့် ကင်းကင်းနေရမည်။ ကင်းကင်းနေလိုကြောင်း ကြံတွေး၊ ပြော၊ လုပ် (analysis, rhetoric and action) တို့ ထပ်တူကျကျ လုပ်ဆောင်ကြရမည် ဖြစ်လေသည်။
● အစိမ်းတုတ် အနီတုတ်တို့ရှိနေသည့် ၂၀၀၈ ထီးရပ်အောက်တွင် တိုင်းရင်းသားပါတီတို့က issue မေးခွန်းများကို ဖြေကြားပုံချင်း ကွဲပြားကြနိုင်ခြေရှိလေသည်။ အချို့ပါတီတို့အနေဖြင့် လက်ရှိ လုံခြုံရေးအရ နေပြည်တော် အစည်းအဝေးတွေ မတက်နိုင်ပေမယ့် ရွေးကောက်ပွဲကျရင် ဝင်ပြိုင်မှာပါလို့ အကြောင်းကြား ထားသည် ဟုလည်း ကြားမိရလေသည်။ သို့ရာတွင် မီဒီယာမှာတော့ ကြည့်ပျော်ရှုပျော် ဖြေကြားလိမ့်မည် ဟု ထင်ရလေသည်။
● ၂၀၀၈ ဖွဲ့စည်းပုံ၏ ထီးရိပ်အောက်က ကိစ္စများဖြစ်သည့် PR အစရှိသည့် ကိစ္စများကို မီဒီယာမေးသောအခါ လက်နက်ကိုင်တပ်ဖွဲ့နောက်ခံရှိသူ ဖြေသည့်အဖြေ နှင့် လက်နက်ကိုင်တပ်ဖွဲ့နောက်ခံမရှိသူများ ဖြေကြပုံချင်း မတူနိုင်ပေ။ အစိမ်းတုတ်ကိုလည်းမလို အနီတုတ်ကိုလည်းမလို ကိုယ့်လမ်းကိုယ်ဖောက်မယ် ဆိုသူများ၏ အဖြေများကား ပိုမိုပြတ်သားရှင်းလင်း နိုင်ခြေရှိလေသည်။
ဦးကျော်ဇောဦး
၂၀၂၂ ဇွန်နဝါရီလ (၅) ရက်