
ခေတ်သစ် မြန်မာ ‘ပြည်ထောင်စု’ သို့ လာရာလမ်းရှိ ရှင်မဖြူကျွန်း (Shapuree Island)
အမည်ခံ ခေတ်သစ် မြန်မာ ‘ပြည်ထောင်စု’ အဖြစ် စုစည်းမှု ဖြစ်လာစေရန် အရေးပါသည့် သမိုင်းအလှည့်အပြောင်း တစ်ရပ်သည်ကား ရှင်မဖြူကျွန်း ပိုင်ဆိုင်မှုကို အကြောင်းပြုလျက် ၁၈၂၃ စက်တင်ဘာလတွင် အင်္ဂလိပ် နှင့် မြန်မာတို့ စတင် အငြင်းပွားကြပြီးနောက် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။ ယင်းနောက် ယခု ‘မြန်မာနိုင်ငံ’ ဟုခေါ်သည့် နယ်မြေတို့အား အင်္ဂလိပ်တို့က တစ်ဆင့်ပြီး တစ်ဆင့် သိမ်းယူခြင်း ဖြစ်ပျက်ခဲ့ပေသည်။ (ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲမတိုင်မီ အခြားသောတင်းမာမှု အကြောင်းတို့ ရှိမည်ဖြစ်သော်လည်း စစ်တိုက်ကြရမည့် အနီးဆုံးအကြောင်းခံ Casus belli မှာ ရှင်မဖြူကျွန်း အငြင်းပွားမှု ဖြစ်လေသည်။)
ထို့နောက် အင်ပါယာရှင် အင်္ဂလိပ်တို့သည် ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဟု ဖြစ်လာမည့် နယ်မြေအားလုံးကို (ယခင် မြန်မာလူမျိုးတို့ပင် မရောက်ခဲ့ဖူးသော်လည်း) အသေအချာ စူးစမ်းမှတ်တမ်းတင်လျက် ဂေဇက်တီယာ များ ပြုစုခြင်း၊ တရားစီရင်ရေး မဏ္ဍိုင် နှင့်တကွ အုပ်ချုပ်ရေးဆိုင်ရာ ဗျူရိုကရေစီ ယန္တရားများ တည်ဆောက်ခြင်း တို့ကို အင်ပါယာအုပ်ချုပ်သူတို့၏ ဆောင်ရွက်ဖွယ်ရာများ အဖြစ် အစဉ်အဆက် ဆောင်ရွက်လာခဲ့သည်။
အတ္တလန်တိတ်ချာတာ နောက်ပိုင်း ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံကို သီးခြားနိုင်ငံတစ်ခုအဖြစ် လွတ်လပ်ရေးပေး လိုက်သောအခါ နယ်မြေများကို စုစည်းပေးခဲ့ပြီးသားဖြစ်နေသည်သာမက – မြန်မာတပ်မတော် ဆိုသည့် ပြည့်အင်္ဂါ တစ်ရပ်နှင့်တကွ အုပ်ချုပ်ရန် အဆင်သင့် အနေအထားများအားလုံးကို ချန်ထားပေးရစ်ခဲ့သည်။ သမိုင်း ဆိုးမွေ ကောင်းမွေများ အားလုံးလည်း ပူးတွဲ ကျန်ရစ်ခဲ့ပေသည်။
KZO
၂၀၂၂ ဖေဖော်ဝါရီလ (၁၂) ရက်
–
Shapuree Island
–