ဥရောပနိုင်ငံများ၏ ဝိုင်းဝန်းနှိမ်နင်းမှုကို ခံရလျက် နပိုလီယံ ပထမအကြိမ် ရှုံးနိမ့်ပြီးနောက် (၁၈၁၄-၁၈၁၅) ကာလအတွင်း ၎င်းအား Elba ကျွန်းတွင် ချုပ်နှောင်ထားလေသည်။ နပိုလီယံသည် ထိုကျွန်းမှနေ၍ နောက်လိုက် နောက်ပါ လက်တစ်ဆုပ်စာမျှဖြင့် လွတ်မြောက်သွားသောအခါ ပါရီမြို့တော် အခြေစိုက် သတင်းစာများက အုတ်အော်သောင်းနင်း ရေးသားကြလေသည်။ မကောင်းဆိုးဝါးကောင်ကြီး ဘီလူးကြီး လွတ်မြောက်သွားလေပြီ ဟူ၍ ရေးသားကြလေသည်။
သို့နှင့် နောက်လိုက်နောက်ပါ လူလက်တစ်ဆုပ်စာ မျှသာပါသော နပိုလီယံသည် မြို့စောင့်တပ်ငယ် တစ်ခုကို သဟောက်သဟမ်း လုပ်၍ အညံ့ခံစေရာ ယခင်အရှိန်အဝါကြောင့် ထို တပ်ဖွဲ့က အလွယ်တကူပင် အညံ့ခံလေသည်။
ထိုသို့ပင် တစတစ လူစုတပ်စု ရင်း နပိုလီယံ သည် ပါရီမြို့တော်ရှိရာသို့ ဦးတည် ချဉ်းကပ်လာခဲ့သည်။
တစ်ခါ ရှုံးနိမ့်ခဲ့ပြီးသူ နပိုလီယံသည် ဓားပြသာသာ အဆင့်ဖြင့် ပျောက်ကွယ်မသွားဘဲ လက်နက်လူသူ စုဆောင်းရင်း တဖန်ကြီးထာထွားလာသည်ကို ကြားသိလာရသောအခါ ပြင်သစ် သတင်းစာတို့၏ လေသံသည် အနည်းငယ် ပြောင်းလာလေသည်။ နပိုလီယံအား “မကောင်းဆိုးရွားကောင်” ဟုမခေါ်ကြတော့ဘဲ “ဘိုနာပတ်” ဟု မျိုးရိုးအမည်ဖြင့်ပြောင်းလဲ ခေါ် ဝေါ်ရေးသားကြလေသည်။
သည်လိုနှင့် နပိုလီယံသည် အင်အားပိုကြီးလာပြီး ပါရီမြို့နှင့် နီးသထက်ပိုနီးလာလေသည်။ ထိုအခါ ပါရီအခြေစိုက် သတင်းစာများ အခေါ်အဝေါ် နောက်တဆင့်ပြောင်းလျက် ပိုမိုတင့်တယ်သော အာလုပ်စကားဖြင့် “နပိုလီယံ ဘိုနာပတ်” သို့မဟုတ် “နပိုလီယံ” ဟု ပြောင်းလဲ ခေါ် ဝေါ် ရေးသားကြပြန်လေသည်။
နပိုလီယံ၏ တပ်များ ပါရီမြိုထဲသို့ ဝင်ရောက်လာကြသောအခါ ပြင်သစ် သတင်းစာများက နပိုလီယံကို “ပြင်သစ် ဧကရာဇ်” ဟု သာ သတ်မှတ် ခေါ်ဝေါ်ရေးသားကြတော့လေသည်။ ပထမအကြိမ် ရှုံနိမ့်မသွားခင်ကပင် ပြင်သစ် ဧကရာဇ် အဖြစ် ဘိသိက်ခံ နန်းတက်ပြီး ဖြစ်သည့်အတွက် ပြင်သစ် ဧကရာဇ် ဟုလည်း ခေါ်ထိုက်ပေသည်။
KZO
4 March, 2022
–
ဓာတ်ပုံ – Elba ကျွန်း
–
