ရွေးကောက်ပွဲများ ၏ အနှစ်သာရ ကို မေးခွန်းထုတ်ကြခြင်း

ရွေးကောက်တင်မြှောက်ခံစနစ်မှ တစ်ဆင့် လက်ဝေခံရရှိသော လုပ်ပိုင်ခွင့်များ အလွန့်အလွန်နည်းပါးမှုကြောင့် ရခိုင်ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲအစဉ်အဆက်တို့တွင် ပါဝင်ခဲ့ကြသော်ငြားလည်း မယ်မယ်ရရ အကျိုးခံစားခွင့်တို့ ရလဒ်တို့ကို ခံစားနိုင်ခဲ့ခြင်း အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိပါ ဟု ဆိုလျှင် – မှန်သည်။

ထိုကဲ့သို့ အရင်နမူနာများတွင် အရာထင်မှုမရှိသောကြောင့် ရွေးကောက်ပွဲတို့ ဆိုသည်မှာ ရွံ့ရှာဖွယ် တစ်ခုပမာ စွန့်ပယ်ကြရမည် ဆိုလျှင် – မှားသည်။ ဤအခြင်းအရာမှာ ရွေးကောက်ပွဲ၏ အနှစ်သာရမရှိမှု မဟုတ်၊ ရွေးကောက်ခံစနစ်ကို ဟန်ပြထည့်သွင်းထားလျက် ပုံဖော်ထားသည့် စနစ်တစ်ခု၏ အနှစ်သာရမဲ့မှု (အကျိုးဆက်အနေဖြင့် ပြည်သူ့ရလဒ် ရရှိအောင် ရွေးကေက်ခံစနစ်က အကောင်အထည်မဖော်နိုင်မှု) သာလျှင် ဖြစ်လေသည်။

သေခြင်းသည် ကာလမရွေးဖြစ်လာနိုင်သည်ကို နားလည်ပါသော်လည်း၊ (ဆိုပါစို့ . . . ) ကျွန်တော်၏ အလုပ်လုပ်နိုင်သေးသော ကာလ အဖြစ် (အကြမ်းဖျင်း) ကျန်ရှိနေသေးသည့် နှစ်ပေါင်း (၁၅) နှစ်၊ အနှစ် (၂၀) လွန်မြောက်လျက် သေခါနီးအချိန်တွင် ကျန်ရစ်ခဲ့သည့် ရခိုင်ပြည် (သို့မဟုတ် ရခိုင်နိုင်ငံ) ကို မည်ကဲ့သို့ မြင်ချင်သနည်း သို့မဟုတ် မဖြစ်စေချင် မမြင်ချင်သနည်း ဟု အမေးရှိပါက မြောက်ကိုးရီးယားကဲ့သို့ မဖြစ်စေချင် ဟု ဖြေကြားလိုပေသည်။ မြောက်ကိုးရီးယား ၏ အမည်အပြည့်အစုံမှာ – ဒီမိုကရက်တစ် ကိုးရီးယား ပြည်သူ့ သမ္မတနိုင်ငံ (Democratic People’s Republic of Korea) ဖြစ်လေသည်။

နိုင်ငံအမည်တွင် “ဒီမိုကရက်တစ်” ဆိုသည့် စကားလုံး ပါရှိသော်လည်း ဒီမိုကရေစီနိုင်ငံမဟုတ်။ နိုင်ငံအမည်တွင် “ပြည်သူ” ဆိုသည့် စကားလုံး ပါရှိသော်လည်း ပြည်သူတို့အား ကိုယ်စားမပြု။ နိုင်ငံအမည်တွင် “သမ္မတနိုင်ငံ” ဆိုသည့် စကားလုံး ပါရှိသော်လည်း သမ္မတနိုင်ငံ မဟုတ်။ Republic မဟုတ်။ အနှစ်သာရအားဖြင့် မင်းဆက်ဖြင့် အုပ်ချုပ်သည့် နိုင်ငံသာ ဖြစ်လေသည်။

ရွေးကောက်ခံစနစ်တွင် ဒေသ (locality) တစ်ခု၏ ပြည်သူများက မဲပေးတင်မြှောက်စေကာမူ ထိုဒေသအား ကိုယ်ပိုင်ပြဌာန်းခွင့်အားဖြင့်လည်ပတ်နိုင်အောင် (ဖွဲ့စည်းပုံအရ) ခင်းကျင်းထားခြင်း မဟုတ်ခဲ့ပါက ကိုယ့်လက်ကိုယ့်ခြေဖြင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ခြင်း နှင့်တကွ အခြားသော ကိုယ်ပိုင်ပြဌာန်းခွင့် အရေးအရာများကို ဖော်ဆောင်နိုင်ခြင်းမရှိပေ။ သို့ရာတွင် ရွေးကောက်တင်မြှောက်ခံ နိုင်ငံရေးသမားအစုအဖွဲ့ရှိသည့်အတွက် ပြည်သူတို့သည် ကိုယ်စားပြုမှု (representation) ကတဆင့် နိုင်ငံရေးအသံ (voice) ကို ထုတ်လုပ် ကြားသိစေနိုင်လေသည်။

တခါတလေ အသံပြုနိုင်ခြင်းသည်ပင်လျှင် အသက်ကယ်လေသည်။ အယုတ်စွဆုံး နိုင်ငံရေးအာသီသ ကို ထုတ်ပြနိုင်လေသည်။ သို့မဟုတ် တစ်ခါတရံ (အဓမ္မကာလများအတွင်း) ရွာများကို မီးရှို့ခြင်း အမျိုးသမီးများကို ဗလက်ကာရပြုခြင်းတို့မှ အနည်းငယ် သက်သာစေလေသည်။ ကျန်းမာကြံ့ခိုင်သော လူ့အဖွဲ့အစည်း၏ အခြားသော ဂုဏ်ရည်အချို့ဖြစ်ကြသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (freedom of expression)၊ တရားဥပဒေစိုးမိုးမှု (rule of law) အစရှိသည့် bill of rights ပါ နိုင်ငံသားအခွင့်အရေး အချို့နှင့် ပေါင်းစပ်လိုက်သောအခါ ထိုက်သင့်လောက်နေချင်စဖွယ် ရှိသည့် အခင်းအကျင်းဖြစ်လာပေလိမ့်မည်။

သို့ရာတွင် non-state actor အဖွဲ့အစည်းတစ်ခုက ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေတစ်ခုတွင် ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်သည်ဆိုပါက – ထိုဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ ဆုံးဖြတ်သူများက တာဝန်ယူသည် ဟုသာ နားလည် ကြရမည် ဖြစ်လေသည်။

လောလောဆယ် – တည်ဆဲနိုင်ငံ၏ မြို့တော်နှင့် ဗျူရိုကရေစီယန္တရားကို အတိုင်းအတာတစ်ခုအထိ လောက်လောက်လားလား ကိုင်တွယ်နေနိုင်သေးသည့် အစိုးရ (de facto အစိုးရ) က ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲကို မလိုလားသဖြင့် (ဗမာပြည်မဘက်က) ငြင်းပယ်လိုသူများ၏ ကျိုးကြောင်းပြဆိုချက်များ ကိုလည်း ကြားကြရဦးမည် ဖြစ်လေသည်။

ဦးကျော်ဇောဦး

၂၀၂၂ ဇွန်လ (၁၄) ရက်


  • source: on Facebook

The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s