
မြင်းပျောက်သော သားအဖများစွာ
ဓါတ်ပုံတွင်ပါသူ အမေရိကန် ကွန်ကရက်လွှတ်တော်အမတ် ချာလီဝီလ်ဆင် [(Charlie Wilson) (၁၉၃၃-၂၀၁၀)] မှာ ဆိုဗီယက်တို့၏ အာဖဂန်ကျူးကျော်စစ်ကို အပြောင်းအလဲဖြစ်စေခဲ့ရာတွင် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်၌ အားဖြည့်ပါဝင်ခဲ့သော ပုခုံးထမ်း ဝေဟင်ပစ် လက်နက် Stinger များအား မူဂျာဟစ်ဒင်များ လက်သို့ ပေးနိုင်အောင် အားထုတ်ခဲ့သည် ဟု ဆိုကြသူ ဖြစ်ပါသည်။ stinger များသာ မကသော စစ်ရေးအကူအညီများ ပုံအောပေးအောင် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ခဲ့သူ ဟု ဆိုကြပါသည်။
အာဖဂန် မူဂျာဟစ်ဒင်များကို ပံ့ပိုးခဲ့သည့် Stinger အလက် ကိုးရာခန့်အား စစ်အပြီးတွင် အမေရိကန်တို့ကိုယ်တိုင်ပင် ဈေးကောင်းပေးဝယ် ခဲ့သော်လည်း အလက် သုံးရာခန့်ကို သာပြန်လည်သိမ်းဆည်းနိုင်ခဲ့ ပြီး ထိုသို့ဝယ်ယူသိမ်းဆည်းနိုင်ရန်အတွက် ဒေါ်လာ (၅၅) သန်းမျှ ကုန်ကျခဲ့သည်။ ကျန် အလက် ခြောက်ရာ ခန့်မှာ လက်လွှဲလက်ပြောင်းများအကြား ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။
ယခု ယူကရိန်းသို့ ရုရှားတပ်များ ဝင်ရောက်မှုအပြီးတွင် အမေရိကန်နှင့် နေတိုးမဟာမိတ်များ အစီအစဉ်ဖြင့် ယူကရိန်းသို့ ပေးပို့ထောက်ပံ့ခဲ့သည့် Stinger အရေအတွက်မှာ နှစ်ထောင်ခန့် ဖြစ်သည် ဟု ဆိုသည်။
–
မြင်းပျောက်သော လယ်သမားသားအဖ
တစ်ခါက လူတစ်ယောက်သည် တိုင်းပြည်၏ နယ်စွန်နယ်ဖျားတွင် ကောင်းမွန်စွာ နေထိုင်လုပ်ကိုင်စားသောက် လေသည်။ တစ်နေ့သ၌ သူပိုင်သောမြင်းသည် အိမ်မှ ထွက်ပြေးလျက် လူရိုင်းများရှိရာနယ်ခြားသို့ ပြေးဝင်ပျောက်ကွယ်သွားလေရာ၊ ရွာသားအားလုံးက သူ့အတွက် စိတ်မကောင်းဖြစ်ကြရလေသည်။
၎င်း၏ ဖခင်က ပြောသည်မှာ မြင်းပျောက်သွားတာ ကံကောင်းဖို့ဖြစ်လာတာ မဟုတ်ဘူး လို့ ဘယ်သူမှ မပြောနိုင်ဘူး ဟု ဆိုလေသည်။
သို့နှင့် လပေါင်းများစွာကြာသောအခါ အိမ်မှ ပျောက်သွားသောမြင်းသည် လူရိုင်းနယ်မြေထဲက မြင်းကောင်းမြင်းသန့်များစွာနှင့်တကွ အိမ်ပြန်ရောက်လာလေသည်။ ထိုအခါ ရွာသားများက သူ့ကို ကံကောင်းလိုက်တာ ဝမ်းသာတယ် ဟု ဝမ်းမြောက်စကားဆိုကြလေသည်။
သို့ရာတွင် သူ၏ဖခင်က ဒါဟာ မင်းအတွက် ကံဆိုးဖို့ဖြစ်လာတာ မဟုတ်ဘူးလို့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ဘူး ဟု ဆိုပြန်လေသည်။
လူချမ်းသာတို့အိမ်မည်သည်မှာ မြင်းကောင်းများစွာ ရှိကြသည် မဟုတ်ပါလော။ သို့နှင့် ထိုသူသည် နေ့စဉ်နှင့်အမျှ မြင်းတို့အား ထည်လဲစီးလျက် မြူးတူးလျက်ရှိနေလေရာ တစ်နေ့သ၌ မြင်းပေါ်က ပြုတ်ကျ၍ ခြေကျိုးလေသည်။ ရွာသားအားလုံးက သူ့အတွက် စိတ်မကောင်းဖြစ်ကြရပြန်လေသည်။
သို့ရာတွင် သူ၏ဖခင်က ဒါဟာ မင်းအတွက် ကံကောင်းဖို့ဖြစ်လာတာ ဟုတ်မဟုတ် ဘယ်သူမှ မပြောနိုင်ဘူး ဟု ဆိုလေသည်။
ထိုမှ တစ်နှစ်ကြာသောအခါ လူရိုင်းတို့သည် နယ်ခြားကို ကျော်ဖြတ်လာလျက် တိုက်ခိုက်ကြလေရာ ရွာမှ အရွယ်ကောင်းမှန်သမျှ ဓါးလှံလေးမြားကိုင်စွဲလျက်တိုက်ပွဲဝင်ကြရလေသည်။ အရွယ်ကောင်း ဆယ်ယောက်ရှိရာတွင် ကိုးယောက်အသတ်ခံကြရသည်။ ခြေထောက်ကျိုးနေသူ ထိုလုလင် တစ်ယောက်ကိုသာလျှင် လူရိုင်းတို့က မသတ်ဘဲ ချန်ထားခဲ့ကြသည်။ ထိုသားအဖနှစ်ယောက်သာလျှင် အသက်ချမ်းသာရကြလေသည်။
–
ချာလီဝီလ်ဆင်အကြောင်းကို ရိုက်ကူးသည့် ဟောလီးဝုဒ်ရုပ်ရှင် Charlie Wilson’s War ၏ အဆုံးပိုင်းလောက်တွင် ချာလီ နှင့် CIA ဝါရင့်အေးဂျင့် Gus တို့ စကားပြောကြရာ၌ မြင်းပျောက်သော လယ်သမားသာအဖ ပုံပြင်ကို “Zen master and the little boy” ဗားရှင်းအဖြစ် Gus က ပြောပြသည်။
မြင်းပျောက်သော လယ်သမားသာအဖ ပုံပြင်ကဲ့သို့ပင် – ထောက်လှမ်းရေးဆိုင်ရာ စစ်ဆင်ရေးတို့တွင် blowback ခေါ် တင်ကြိုမမှန်းဆနိုင်သော အကျိုးဆက် (side effect) တို့ ရှိတတ်ကြသည် ဟု ဆိုကြလေသည်။
ဆိုဗီယက်ရုရှားတပ်များ အာဖဂန်ကဆုတ်ခွာသွားရသည့် နောက်ပိုင်းဖြစ်ပေါ်လာသည့် အာဏာလေဟာနယ်တွင် တာလီဘန် နှင့် အယ်ကိုင်းဒါးတို့ ကြီးထွားစည်ပင်လာခဲ့သည်။ ယင်း၏အကျိုးဆက်အဖြစ် ချာလီဝီလ်ဆင် မကွယ်လွန်မီကာလ ၂၀၀၁ ခုနှစ်တွင် 9/11 တိုက်ခိုက်မှုကို တွေ့ကြုံခဲ့ရပေသေးသည်။
–
ယခု ဘင်္ဂါလီအရေးကို ယနေ့ရခိုင်တို့ ချဉ်းကပ်ကိုင်တွယ်နေကြသည့် နည်းနာလုပ်ဟန်တွင် တွေးတော ကြံဆမြင်နိုင်သည့် ကောင်းကျိုးဆိုးကျိုးတို့အပြင် မမြင်နိုင်သော blowback တို့သည် ရခိုင်တို့အတွက် ရှိကြပေဦးမည်။
၂၀၁၇ ခုနှစ် နယ်ခြားရဲကင်း သုံးဆယ်ကျော်တိုက်ခိုက်ခံရမှုအား တုံ့ပြန်ရာမှ အကျိုးဆက်အဖြစ် မြန်မာစစ်တပ် အကြီးအကဲအား ICC တင်ပို့တရားစွဲနိုင်မည့် လမ်းကြောင်းသို့ တွန်းတင်ခံရနိုင်ခြေတို့ ပေါ်ပေါက်လာသည်။
မြန်မာစစ်တပ်အနေဖြင့် ဖွဲ့စည်းပုံအရ အလိုအလျောက်အာဏာများစွာ ရထားလျက် အာဏာသိမ်းရန် မလိုအပ်ဟု ပင် ပြောနိုင်လေသည်။ သို့ရာတွင် အငြိမ်းစားယူသွားသည့် စစ်သူကြီးဟောင်းကို နိုင်ငံတကာက ဖမ်းယူလျက် နိုင်ငံတကာခုံရုံးတွင် တရာစွဲဆိုခြင်း လမ်းကြောင်းသို့ တရွေ့ရွေ့ ချဉ်းကပ်မှုအား ဖြစ်မသွားရလေအောင် မည်သို့ကာကွယ်ကြမည်နည်း ဟူသော မေးခွန်းသည် သက်ဆိုင်သူများအကြား ပေါ်ပေါက်ခဲ့ဖွယ်ရှိလေသည်။
KZO
25th September, 2022
End Notes and External links
- source: ” u မြင်းပျောက်သော သားအဖများစွာ u ” | on Facebook
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter