● မြန်မာပြည်တစ်နေရာမှ မကြာသေးမီက ဖြစ်ပျက်သွားခဲ့သည့် ဖြစ်ရပ်တစ်ခုတွင် အသက်မပြည့်သူ မိန်းကလေးငယ်တစ်ဦးအား အိမ်ထောင်ရှိအမျိုးသား တစ်ဦးက (အမှန်တကယ် အင်အားသုံး) မတရားပြုကျင့်မှု ဖြစ်ပွားခဲ့သည် ဟု ဆို၏။ ထိုအခါ ထိုမိန်းကလေးငယ်၏ မိသားစုက ပြစ်မှုကျူးလွန်သူ အမျိုးသား၏ မိသားစုထံ သွားရောက် ညှိနှိုင်းသည်မှာ – ထိုအမျိုးသားနှင့်တကွ မိသားစုဝင်များအနေဖြင့် ထိုကဲ့သို့ ကျုးလွန်ထားသည့်ကိစ္စကို အများသူငှာ သိအောင်ထုတ်ဖော်ပြောကြားခြင်းမပြုပါရန် ကျူးလွန်ခံရသူများဘက်မှ ငွေရေးကြေးရေး အရ ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းခြင်းမျိုး ဖြစ်လေသည်။ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်အပြစ်ပေးရေးထက် အမျိုးသမီးတို့၏ အပျိုစင်စစ်မစစ်ကို အလွန်တကာ့ အလွန်အမင်း ဦးစားပေးမိသည့် ဝန်းကျင်စံများကြောင့် ဖြစ်လာရသည့် အကျိုးဆက် ဖြစ်မည် ထင်ပါသည်။ သူတို့အဖို့ ကျူးလွန်သူကို အပြစ်ပေးရေး နှင့် အမှန်တရားဖော်ထုတ်ရေးကို လောလောဆယ် နောက်တန်းပို့မိလိုက်သည် ထင်ပါသည်။
● ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း အစစ်အမှန်ဖြစ်လာရေးတွင် မတရားမျှတမှုအား အထိုက်အလျောက် ရရှိရေးသည် အရေးကြီးကြောင်း သုံးသပ်သူများ / ကျွမ်းကျင်သူများက ဆိုခဲ့ကြသည်မှာ ကြာလေပြီ။ ထို့ကြောင့် Without justice, there is no peace. ဟု ဆိုသူက ဆိုကြလေသည်။ တရားမျှတမှု မရနိုင်ပါက ငြိမ်းချမ်းရေးကို မရနိုင်ပါ ဟု ဆိုလိုရင်း ဖြစ်လေသည်။ ထို့ကြောင့် ပြည်တွင်းစစ် အစရှိသည့် ပြင်းထန်ကာလတစ်ခုကို ဖြတ်သန်းကြပြီးသော တည်ငြိမ်အေးချမ်းသော ဖွံ့ဖြိုးမှုရှိလာမည်ဖြစ်သော လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ရန်မှာ transitional justice (အကူးအပြောင်းကာလ တရားမျှတ) ကိုပါ တည်ဆောက်နိုင်ရန် ကြိုးစားကြလေသည်။ ပရမ်းပတာကာလတွင် မတရားကျူးလွန်ခဲ့မှုများအား မှတ်တမ်းတင်ခြင်း၊ ပြစ်ဒဏ်ပေးနိုင်သလောက်ပေးခြင်း တို့ကိုပါ တွဲစပ်လျက် တိုင်းပြည်ကို ပြန်လည်တည်ဆောက်ကြရမည် ဟု ဆိုလိုခြင်းဖြစ်လေသည်။ ဥပမာအားဖြင့် တောင်အာဖရိက ဖြစ်လေသည်။
● transitional justice (အကူးအပြောင်းကာလ တရားမျှတမှု) ၏ အစိတ်အပိုင်းတစ်ရပ်မှာ အမှန်တရား ဖော်ထုတ်ရေးကော်မရှင် (truth commission) များ တည်ထောင်လျက် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်လေသည်။ အမည်အားဖြင့် truth commission ဟု ခေါ်ချင်မှ ခေါ်မည်။ ဥပမာအားဖြင့် – အာဏာရှင် ပီနိုရှေး နောက်ပိုင်း ချီလီနိုင်ငံတွင် တည်ထောင်သည့် The National Truth and Reconciliation Commission မှာ truth commission ပင် ဖြစ်လေသည်။
● ရခိုင်တွင် တည်ငြိမ်သည့် လူ့အဖွဲ့အစည်း ပုံစံဖြစ်နေအောင် ထိန်းသိမ်းတတ်ရမည် ဆိုသည့်အချက် နှင့် မလိုလားအပ်သည့် ပဋိပက္ခများ မပေါ်ပေါက်အောင် ထိ်န်းသိမ်းကြရမည် ဆိုသည့်အချက်များမှာ အလွန်မှန်ကန်သော အချက်များ ဖြစ်ကြလေသည်။ ထိုကဲ့သို့ နေတတ်ထိုင်တတ်ကြ၍လည်း ကာလတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ကြလေပြီ။ နောင်လည်း သေချာပေါက် တည်တည်ငြိမ်ငြိမ်ဖြင့် ဖြတ်သန်းသွားနိုင်ကြမှာ သေချာလေသည်။ ရခိုင်တို့မှာ လူညံ့များ မဟုတ်ကြချေ။
● သို့ရာတွင် အောက်စျေးဖြင့် သွားညှိနေသည့် ကျူးလွန်ခံမိသားစုမျိူး ၏ စိတ်နေစိတ်ထားမျိုး ဖြစ်မသွားအောင် သတိလေးတော့ ထားမှ ဖြစ်လိမ့်မည်။ တည်ငြိမ်ရေးသည် တည်ငြိမ်ရေးဖြစ်ပြီး မိမိတို့၏ ဒူးဆစ်များကို ချိုးပေးရေးကား မဟုတ်ချေ။ အကဲဆတ်သော သတင်းအချက်လက်များကို စိစစ်ကြရမည် ဆိုသည်ကိုကား စဉ်းစားကြရမည် အမှန်ပင် ဖြစ်၏။ သို့သော် ကြက်တူရွေးက တော်တော် ၊ မယ်ဘော်က ကဲကဲ ဖြစ်နေသလား ဆင်ခြင်ကြရပါမည်။
ဦးကျော်ဇောဦး
၂၀၂၁ ဒီဇင်ဘာလ (၂၄)
==========