နစက (SAC) က (NUG/PDFs မပါ) EAO များအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည့်အတွက် မေလ ကိုးရက်နေ့ နောက်ဆုံးထား စာရင်းပေးစေလိုသည်ဟု ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ဖော်ပြောကြားထားသည်ကို သိရှိထားကြရပါသည်။
ပြဿနာများကို အမှန်တကယ်ဖြေရှင်းလိုသည့် စိတ်စေတနာအရင်းခံရှိသည်ဆိုငြားအံ့ – နစက ဘက်မှ ထိတွေ့ဆက်ဆံရန်ကြိုးစားရမည့် ကိစ္စကြီးနှစ်ရပ် (သို့မဟုတ်) မေးခွန်းကြီးနှစ်ရပ်ရှိနေသည်။ ကိုကိစ္စနှစ်ရပ်ကို အနှစ်သာရ (substance) အရ ချဉ်းကပ်မှု မရှိပါက အချိန်များကို နှမြောဖို့ကောင်းသည် ဟု သဘောပေါက်တတ်ရမည် ဖြစ်လေသည်။
ထိုအရေးနှစ်ရပ်တို့မှာ –
တစ်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု (သို့) ကွန်ဖက်ဒရိတ်များအစုအဝေး အဖြစ် မည်ကဲ့သို့ ပုံဖော်ကြမည်နည်း ? ဆိုသည့် အချက် နှင့် –
နှစ်။ စစ်ဘက်အပေါ် အရပ်ဘက်က အမှန်တကယ် ပြည်သူစစ်စစ် ကိုယ်စားပြု စနစ်ဖြင့် စိုးမိုးမှု (objective civilian control of the military) တည်ဆောက်ကြနိုင်ရန်အလို့ငှာ စစ်သားများ နိုင်ငံရေးမှ မည်သို့ ထွက်ခွာမည်နည်း ဆိုသည့် အရေး တို့ ဖြစ်ကြသည်။
အကယ်၍ ထိုအကြောင်းအရာများကို ထိတွေ့မှု မရှိဘဲ အခြားအကြောင်းအရာများကိုသာ ပြောကြားနေခြင်းဖြစ်ပါက – ယင်းတို့မှာ ကာလတို အချိုသပ်ရေး (အပြန်အလှန်?) ချဉ်းကပ်မှု အဖြစ်သော်လည်းကောင်း၊ ပင်မသို့မရောက်သေးသည့် နိဒါန်းချီစကားများ အဖြစ်သော်လည်းကောင်း၊ အရေးပါမှုဒီဂရီ နည်းသည့်ကိစ္စများအဖြစ်သော်လည်းကောင်း၊ အပရိက စကားများအနေဖြင့်သော်လည်းကောင်း မှတ်ယူနိုင်သည့်သဘောရှိနိုင်ပါသည်။
နံပါတ်တစ်အချက်ကို စဉ်းစားရာတွင် မေ့ချင်ယောင်ဆောင်ပြီး ထည့်စဉ်းစားခြင်းမပြုဘဲနေလို့မရသည့် အခြင်းအရာ အချို့ရှိပါသည်။ ယင်းအခြင်းအရာတို့အနက် အချို့မှာ – ဗမာပြည်နယ် ဖွဲ့စည်းရေး ဆိုသည့်ကိစ္စ နှင့် မည့်သည့် EAO ကမှ လက်နက်ဖြုတ်သိမ်းလိမ့်မည်မဟုတ် ဆိုသည့် အခြေခံအထိုင်ကိုယူကာ အနာဂတ် နိုင်ငံ (သို့မဟုတ်) နိုင်ငံယောင်ကို တည်ဆောက်ရန် စဉ်းစားကြရတော့မည့် အခြေအနေ ရောက်နေပြီလား ဆိုသည့်အကြောင်း အပါအဝင် ဖြစ်ကြပါသည်။
ဗမာပြည်နယ်ကိစ္စအားဖြင့် ဗမာလူထုမှာ ယခုမှ shock ရခါစ ရှိသေးသည်။ shock အလွန် အသားကျသည့် ကာလရောက်ရန် များစွာလိုသေးသည်။
EAO များတက်သင့်မတက်သင့် ကိစ္စ အပါအဝင် အခြား ဆက်စပ်အကြောင်းအရာများစွာ ရှိပါသော်ငြားလည်း ဤစာစုတွင် မဆွေးနွေးလိုပါ။
KZO
27th April 2022
–

End Notes and External links
- –
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter